ပခုက္ကူ ၂ ဇန်နဝါရီ
ပခုက္ကူမြို့တွင် ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို ဇန်နဝါရီ ၂ ရက် နံနက်ပိုင်းက ပခုက္ကူမြို့၊ အမှတ် ၁ နှင့် အမှတ် ၁၅ ရပ်ကွက်များ၌ စတင်ကောက်ယူသည်။
ပခုက္ကူမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု (၂၂)စုတွင် နမူနာကောက်ကွက် (၂၃)ကွက်ကို ဇန်နဝါရီလ ၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ စာရင်းကောက်/စာရင်းစစ်များဖြင့် ကောက်ယူသွားမည်ဖြစ်ပြီး ပခုက္ကူမြို့ အမှတ် ၁ နှင့် အမှတ် ၁၅ ရပ်ကွက်အတွင်း ကြားဖြတ်သန်းခေါင်စာရင်းကောက်ယူနေမှုကို ပခုက္ကူမြို့နယ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်၊ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်မျိုးထွန်းနှင့် တာဝန်ရှိသူများမှ လိုက်လံကြည့်ရှုအားပေးသည်။
မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်က လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခဲ့ပြီး ယခုအခါ ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကို အချက်(၁၀၀)ခန့်ဖြင့် ကောက်ယူနေခြင်းဖြစ်ကြောင်း သိရသည်။
ကိုဇော်(ဓာတု)