ပခုက္ကူ     ၁၇    ဇွန်

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပခုက္ကူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုတက်ရေး ဦးစီးဌာနက ၂၀၂၀-၂၀၂၁  ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် ကျေးရွာ (၂၄) ရွာမှ ကော်မတီဝင်များအား ဇွန်လ ၁၇ ရက် နံနက် ၉ နာရီခွဲက  အဆိုပါရုံး အစည်းအဝေးခန်းမတွင် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံချက် ရေးဆွဲနည်းသင်တန်း ဖွင့်လှစ်ပို့ချသည်။

 

ရှေးဦးစွာ ပခုက္ကူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခေတ္တမြို့နယ် ဦးစီးမှူး ဒေါ်ဖြူဖြူဝင်းက ကျေးလက်နေ ပြည်သူများကိုယ်တိုင် ကျေးရွာ၏ ပကတိ လိုအပ်ချက်များကို ဖော်ထုတ်ပြီး ဦးစားပေး အစီအစဉ်အလိုက် စီမံကိန်းများ ရေးဆွဲ ဖော်ထုတ်နိုင်စေရန်၊ ကျေးရွာများ၏ ဦးစားပေးစီမံကိန်းများအပေါ် အခြေခံ၍ နှစ်စဉ်ရန်ပုံငွေများ လျာထားပြီး စီမံချက် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်၊ ကျေးရွာများမှ ထွက်ပေါ်လာသော စီမံချက် လုပ်ငန်းစဉ်များအား ဌာနဆိုင်ရာအသီးသီး၏ ဖွံ့ဖြိုးရေးလုပ်ငန်း အစီအစဉ်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် သင်တန်း ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး  သင်တန်းသားများထံ သင်ထောက်ကူပစ္စည်းများ ပေးအပ်သည်။ ထို့နောက် ပခုက္ကူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ စီမံကိန်းဌာနစိတ်တာဝန်ခံ ဒုတိယဦးစီးမှူး ဦးမင်းဇော် နှင့် ဝန်ထမ်းများက ကျေးရွာ (၂၄) ရွာမှ ကော်မတီဝင်သင်တန်းသား (၄၈) ဦးတို့အား သင်ခန်းစာများ ဆက်လက်သင်ကြားပို့ချပေးကြသည်။

 

အဆိုပါသင်တန်းမှာ ၂၀၂၁ခုနှစ်၊ ဇွန်လ ၁၇ ရက်မှ ၂၁ ရက်နေ့အထိ သင်တန်းကာလ လေးရက်ကြာမည်ဖြစ်ပြီး  ကျေးရွာ ဖွံ့ဖြိုးအကျိုးဆောင်၏ လုပ်ငန်းတာဝန်များ၊ PRA tools ရေးဆွဲပုံ အဆင့်ဆင့်၊ ကျေးရွာဖွံ့ဖြိုးရေး အထောက်အကူပြုဇယား (၄၈) ခု၊ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း စာတမ်းရေးသားနည်း စသည့်ဘာသာရပ်များကို အဓိကထား သင်ကြားပို့ချကြမည်ဖြစ်ကြောင်း သိရသည်။

           

ဆလိုင်းကိုကီး