ပခုက္ကူ၊ ၂၁ ဇွန်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပခုက္ကူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုတက်ရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် ကျေးရွာ(၂၄)ရွာက ကော်မတီဝင်များအား ဇွန် ၁၇ ရက်မှစတင်ပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံချက်ရေး ဆွဲနည်းသင်တန်း ဖွင့်လှစ်ပို့ချသင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို ကျေးလက်နေပြည်သူများကိုယ်တိုင် ကျေးရွာ၏ ပကတိလိုအပ်ချက်များကို ဖော်ထုတ်ပြီး ဦးစားပေးအစီအစဉ်အလိုက် စီမံကိန်းများရေးဆွဲဖော်ထုတ်နိုင်စေရန်၊ ကျေးရွာများ၏ ဦးစားပေးစီမံကိန်းများအပေါ် အခြေခံ၍ နှစ်စဉ် ရန်ပုံငွေများလျာထားပြီး စီမံချက်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်၊ ကျေးရွာများမှ ထွက်ပေါ်လာသော စီမံချက်လုပ်ငန်းစဉ်များအား ဌာနဆိုင်ရာအသီးသီး၏ ဖွံ့ဖြိုးရေးလုပ်ငန်းအစီအစဉ်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ပခုက္ကူမြို့နယ်အတွင်းက ကျေးရွာ(၂၄)ရွာမှ ကော်မတီဝင် သင်တန်းသား(၄၈)ဦးတို့အား ၂၀၂၁ ခုနှစ်၊ ဇွန် ၁၇ ရက်မှ ၂၁ ရက်အထိ ကျေးရွာဖွံ့ဖြိုးအကျိုးဆောင်၏လုပ်ငန်းတာဝန်များ၊ PRA tools ရေးဆွဲနည်းအဆင့်ဆင့်၊ ကျေးရွာဖွံ့ဖြိုးရေး အထောက်အကူပြုဇယား (၄၈)ခု၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းစာတမ်း ရေးသားနည်း စသည့်ဘာသာရပ်များကို သင်ကြားပို့ချပေးခဲ့ကြောင်း ပခုက္ကူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူဝင်းထံက သိရသည်။
ဆလိုင်းကိုကီး(ပြန်/ဆက်)


