ပခုက္ကူ ၈ မေ
ပခုက္ကူမြို့၌ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့် ပြည်သူများအတွက် လူဦးရေ (၂၀၀) ဆံ့ Facility Quarantine Centre ပြင်ဆင်ထားကြောင်း သိရသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ထိုင်းနိုင်ငံမှပြန်လည်ဝင်ရောက်လာမည့် အမျိုးသားများနှင့် အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်းတွင် အမျိုးသမီးများအတွက် စနစ်တကျနေထိုင်ရေး၊ စားသောက်နိုင်ရန် ပြင်ဆင်ထားပြီး စောင့်ကြည့်ကာလ (၂၁)ရက်နေထိုင်စဉ်အတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာများ၊ မိမိမိသားစုများနှင့် အဆင်ပြေချောမွေ့စွာ ဆက်သွယ်နိုင်ရန်နှင့် စိတ်အပန်းဖြေ အသုံးပြုနိုင်ရေး တို့အတွက် WiFi စက်များ တပ်ဆင်ပေးထားကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများကို ပခုက္ကူခရိုင်နှင့်မြို့နယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက အိပ်ဆောင်များ၊ စားရိပ်သာများနှင့် ရေချိုးခန်းတို့ကို လိုက်လံကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို ဖြည့်စွက်လမ်းညွှန် မှာကြားကြသည်။
ထို့အပြင် ပခုက္ကူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် အထောက်အကူပြု ကော်မတီဖွဲ့စည်းထားပြီး ရရှိလာသည့် အလှူငွေပစ္စည်းများကို ကျန်းမာရေးဌာနနှင့် Facility Quarantine Centre ထားရှိသည့် နေရာများနှင့် ဒေသလိုအပ်ချက်အပေါ်မူတည်ပြီး ကူညီဆောင်ရွက်ပေးခြင်း၊ စေတနာရှင်၊ အလှူရှင်များကလည်း အလှူငွေနှင့်အခြား အထောက်အကူပြု ပစ္စည်းများ အသီးသီးလှူဒါန်းကြကြောင်း သိရသည်။
ဆလိုင်းကိုကီး


