ပခုက္ကူ ၂၃ မေ
ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် နေအိမ်ပြင်ပ ထွက်ခွာသွားလာရာတွင် နှာခေါင်းစည်း (Mask) တပ်ဆင်ရေး ဒုတိယအဆင့် အရေးယူဆောင်ရွက်ခြင်းကို မေ ၂၃ ရက် နံနက် ၉နာရီက ပခုက္ကူမြို့၊ ထင်းတန်းလမ်းနှင့် မြိုင်လမ်းဆုံတို့တွင် ပြုလုပ်သည်။
ပညာပေးလုပ်ငန်းများကို ပခုက္ကူခရိုင်နှင့်မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌများ၊ ကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ကြပြီး နေအိမ်ပြင်ပ ထွက်ခွာသွားလာရာတွင် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိပါက မေလ ၂၃ ရက်မှ ၃၁ ရက်နေ့ အတွင်း ဒုတိယအဆင့် Mask နှစ်ခုကို တစ်ထောင်ကျပ်စီဖြင့် ဝယ်ယူစေကာ အပြစ်ပေးအရေးယူ ဆောင်ရွက်ကြခြင်းဖြစ်သည်။
မကွေးတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ညွှန်ကြားချက်နှင့်အညီ ပထမအဆင့် ပညာပေးကာလကို မေလ ၂၀ ရက်မှ ၂၂ ရက်အထိ ပါးစပ်နှင့်နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်းမရှိသူများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက Mask တစ်ခု နှစ်ရာကျပ်နှုန်းဖြင့် ဝယ်ယူတပ်ဆင်စေခဲ့ရာ ပါးစပ်နှင့် နှာခေါင်းစည်း အခုရေ (၄၅၀၀) ကို ဖြန့်ဝေနိုင်ခဲ့ကြောင်း သိရသည်။
ဆလိုင်းကိုကီး


