ပခုက္ကူ  ၁၂    နိုဝင်ဘာ 

 

ပခုက္ကူခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ စီစဉ်ဆောင်ရွက်မှုဖြင့် အာဆီယံအဆင့်(၁) နိ်ုင်ငံတကာ ဟိုတယ်အစားအစာနှင့် အဖျော်ယမကာဝန်ဆောင်မှုသင်တန်းကို ယနေ့ နံနက်ပိုင်းက အဆိုပါရုံး၊ သင်တန်းခန်းမ၌ ကျင်းပသည်။

 

ရှေးဦစွာ ပခုက္ကူခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်အံ့မောင်က ပခုက္ကူခရိုင်အတွင်းဦးစီးဌာနများ အနက်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ပေးနေသော ဌာနတစ်ခု ဖြစ်ကြောင်း၊ ထိုဦးစီးဌာနသည် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ကဏ္ဍပေါင်းစုံမှ ဖွံ့ဖြိုးရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် အင်ပြည့်အားပြည့် ဆောင်ရွက်ပေးနေကြောင်း၊ ယခုကဲ့သို့ နိုင်ငံတကာအဆင့် အသက်မွေး အတတ်ပညာများကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်း သင်ကြားပေးနေခြင်းကြောင့် ကျေးလက်နေ လူငယ် လူရွယ်များ အသက်မွေးအတတ်ပညာအပြင် အလုပ်အကိုင်အခွင့်အလမ်း များစွာပါရှိသည့်အတွက် အဖိုးတန်အခွင့်အရေး တစ်ခုဖြစ်ကြောင်း ပြောကြားသည်။ 

 

mdn

 

ဆက်လက်၍ ပခုက္ကူခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးတင့်ဝေက ကျေးလက်နေ လူငယ် လူရွယ်များကို အသိပညာ၊ အတတ်ပညာများ ဖြည့်ဆည်းပေးပြီး အလုပ်အကိုင်အခွင့်အလမ်း ရရှိကာ ၄င်းတို့ဘဝကို ၄င်းတို့ကိုယ်တိုင် အပြည့်အဝတာဝန်ယူနိုင်သည့်အပြင် မိမိ မိသားစု၊ မိမိရပ်ရွာ၊ မိမိမြို့နယ်၊ မိမိနိုင်ငံအကျိုးကို တစ်ဖက်တစ်လမ်းမှ အကျိုးပြုနိုင်သော နိုင်ငံ့သားကောင်းများ ဖြစ်ပေါ်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းတွင် ပို့ချမည့်ဘာသာရပ်များကို အခြေခံပြီး သင်တန်းသား/ သူများကိုယ်တိုင် မိမိတို့အသိအမြင်များ ပိုမိုကြီးမား ကျယ်ပြန့်ရေးအတွက် မိမိတို့၏ ကိုယ်ပိုင်အသိဉာဏ်နှင့် ယှဉ်ကာ ထိုးထွင်းတီထွင် ဆောင်ရွက်နိုင်ပါက မိမိတို့နိုင်ငံအတွင်းမှာရှိတဲ့ နိုင်ငံတကာအဆင့်ရှိ ဟိုတယ်များ၊ စားသောက်ဆိုင် များတွင်သာမက ပြည်ပရှိဟိုတယ်များ၊ စားသောက်ဆိုင်များတွင်ပါ သွားရောက်လုပ်ကိုင်နိုင်မှာ ဖြစ်ကြောင်းတို့ဖြင့် သင်တန်းနှင့်ပတ်သက်၍ ပြောကြားသည်။ 

 

ထို့နောက် မန္တလေးမြို့၊ ဟိုတယ်နှင့်အသက်မွေးပညာ သင်တန်းကျောင်းမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးကျော်ကျော်ဆင့်က ယခုသင်တန်းပို့ချပေးမည့် မန္တလေးဟိုတယ်နှင့်အသက်မွေးပညာ သင်တန်းကျောင်းသည် အာဆီယံနိုင်ငံများမှ ရွေးချယ်သော သင်တန်းကျောင်း(၉) ကျောင်းအဆင့်တွင် ပါဝင်ကြောင်း၊ ယခုသင်တန်းပြီးစီး၍ သင်တန်းလက်မှတ်ရရှိသည့် သင်တန်းသား/သူများအနေဖြင့် ပြည်တွင်း၊ ပြည်ပ ဟိုတယ်များတွင် ဝင်ရောက်လုပ်ကိုင်နိုင်မည့် အခွင့်အရေးရှိကြောင်းတို့ဖြင့် သင်တန်းဆိုင်ရာ စီစဉ်ဆောင် ရွက်ထားမှုများအား ရှင်းလင်းတင်ပြသည်။ 

 

အဆိုပါသင်တန်းသည် နိ်ုင်ငံတော်မှ သင်တန်းကြေးကို အပြည့်အဝထောက်ပံ့ပေးပြီး သင်တန်းသားများ၏ တည်းခို နေထိုင်စရိတ်၊ သင်တန်းကာလ စားစရိတ်များကို ထောက်ပံ့ခြင်းမပြုဘဲ သင်တန်းသားများမှ မိမိတို့စရိတ်များကို ကျခံရ မှာဖြစ်ကြောင်း၊ သင်တန်းကို မန္တလေးဟိုတယ်နှင့်အသက်မွေးပညာ သင်တန်းကျောင်း (ဟိုတယ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ဌာန)မှ သင်တန်းနည်းပြများက ခရိုင်ကျေး/လက်ရုံးတွင် သင်တန်းသား/သူ(၂၀)ဦးကို ၁လကြာ စာတွေ့ လက်တွေ့စနစ်တကျ သင်ကြားပို့ချပေးမည်ဖြစ်ပြီး ဟိုတယ်များတွင် JOB TRAINING ကို (၂)လကြာ ဆက်လက်လေ့ကျင့် သင်ယူရမည်ဖြစ်ဖြစ်ကြောင်း သိရသည်။

 

ဆလိုင်းကိုကီး