ပခုက္ကူ ၈ ဇွန်

 

ပခုက္ကူမြို့နယ် ရေလာလေးကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် သောက်သုံးရေးကန်ကို ပြန်လည် ပြုပြင်မွမ်းမံလျက်ရှိရာ ဇွန် ၈ ရက် နံနက် ၇ နာရီက ရေကန်အတွင်းစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်သည်။

 

ရေလာလေးအုပ်စု ရေလာလေးကျေးရွာအနီး သောက်ကန်ဟုခေါ်သည့် မြေသားရေကန်သည် ကန္တာရပင်တောများဖုံးလွှမ်းပြီး ရေဝင်ဧရိယာကျဉ်းမြောင်းနေသဖြင့် ကျေးရွာဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းထောက်ပံ့ငွေ ကျပ်သိန်းတစ်ရာနှင့် ကျေးရွာလူထုစုပေါင်း၍ မြေသားရေကန် တိုးချဲ့တူးဖေါ်ဆောင်ရွက်လျက်ရှိသည်။

 

သောက်ကန်ဧရိယာမှာ ၈ ဧကခန့်ကျယ်ဝန်းပြီး ပြန်လည်ပြုပြင်ထိန်းသိမ်းပြီးပါက ကန်ပတ်ဝန်း ကျင်သစ်ပင်များ စိုက်ပျိုးပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူနှင့် ကျွဲ၊ နွား၊ တိရစ္ဆာန်များ သောက်သုံးရေအတွက် အထောက်အပံ့ရလာနိုင်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးဦးစိန်ဌေး၏ ပြောပြချက်အရ သိရသည်။

 

ကိုဇော်(ဓာတု)