ပခုက္ကူ ၁၉ ဇွန်
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ် အတွင်းရှိ ကျေးရွာငါးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက သောက်သုံးရေ ဖူလုံစွာ ရရှိရေးအတွက် အဝီစိစက်ရေတွင်း တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများအား ယခုနှစ် ဇန်နဝါရီလ ပထမပတ်က စတင်ဆောင်ရွက်ပေးခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးနေပြီ ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
အဆိုပါကျေးရွာ ငါးရွာမှာ ကန်တော်၊ မကျီးကန်၊ မကျီးတန်း၊ ကျွန်းချောင်း၊ အနောက်မကျီးကန် ကျေးရွာတို့ဖြစ်ပြီး စက်ရေတွင်း(တွင်းနက်) ငါးတွင်း၊ အမြင့်ပေ ၂၀ ရှိ ဂါလံ ၂၄၀ဝ ဆံ့ စင်မြင့်ရေစင် တည်ဆောက်ခြင်းလုပ်ငန်း သုံးခု၊ ဂါလံ ၅၀ဝ၀ ဆံ့ အုတ်ရေကန်နှစ်ခု၊ အလျား ၁၀ ပေ၊ အနံ ၈ ပေ၊ အမြင့် ၈ ပေရှိ ရေစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်းသုံးခု၊ ပါဝါမီတာတပ်ဆင်ခြင်း နှစ်ခုတို့ဖြစ်သည်။
အဆိုပါသောက်သုံးရေ ရရှိရေးလုပ်ငန်းများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ် ၁၁၀ ဒသမ ၉၀ သန်းဖြင့် ယခုနှစ်ဇန်နဝါရီလ ပထမပတ်မှစ၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကြည်ကြည်မာက ပြောပြခဲ့သည်။
ယခုတူးဖော်ဆောင်ရွက်သည့် စက်ရေတွင်းနှင့် ဆက်စပ်လုပ်ငန်းများအားလုံး ပြီးစီးသွားပြီဖြစ်၍ ကျေးရွာ ငါးရွာရှိ အိမ်ခြေ ၁၀၇၈ အိမ်မှ လူဦးရေ ၅၅၃၀ ဦးတို့၏သောက်သုံးရေရရှိရေးအတွက် အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။
ငြိမ်းသူ(စလင်း)