ပခုက္ကူ ဧပြီ ၁၇
ပခုက္ကူမြို့နယ်၊ ကုက္ကိုလှအုပ်စု၊ ကုက္ကိုလှကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများနှင့်ကြုံတွေ့ရကြောင်း ဧပြီလ၁၇ ရက်တွင် ကျေးရွာဒေသခံ ပြည်သူများထံမှ သိရသည်။
ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉) ရောဂါစတင်ပေါ်ပေါက်လာချိန်တွင် ကျေးရွာတွင်းလှည်လည်၍ ပရိတ် ပဌာန်းများ ရွတ်ဖတ်သရဇ္ဇယ်ခြင်းများ ပြုလုပ်ခဲ့ကြပြီး ယခုလက်ရှိတွင် ကျေးရွာအဝင်အထွက် လမ်းဂိတ်များထားရှိပြီး ဝင်ထွက်သွားလာကြသည့်ပြည်သူများအား လက်ဆေးစင်များတွင် စနစ်တကျ လက်ဆေးစေခြင်းများ ပြုလုပ်ပေးနိုင်ပြီဖြစ်ကြောင်း ရွာဦးကျောင်းဆရာတော် ဦးမာဃိန္ဒက ပြောသည်။

ဆက်လက်၍ ရောဂါကာကွယ်ရေး လုပ်ငန်းများစတင်လုပ်ဆောင်ချိန်၌ ကျေးရွာအဝင်အထွက် လမ်းများတွင် လက်ဆေးစင်များပြုလုပ်ရန်နှင့်အသိ ပညာပေးလုပ်ငန်းများ ပြုလုပ်ရန် ဆောင်ရွက်ရာတွင် ကျေးရွာတာဝန်ရှိသူများ အနေဖြင့် ပူးပေါင်းပါဝင်မှုအားနည်းကြကြောင်း၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ရှိသူများနှင့် ကျေးရွာခံပြည်သူများ အားလုံးပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက် မည်ဆိုလျှင် ပိုမိုထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ကြ မည်ဖြစ်ကြောင်း ကျေးရွာဒေသခံ ဦးနေအောင်၏ ပြောပြချက်အရ သိရသည်။
ထို့အပြင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြမင်းဆွေက Mask အခု(၅၀)ပါတစ်ဘူးနှင့် အခြားလူမှုရေးအသင်းအဖွဲ့များကလည်း လာရောက် လှူဒါန်းကြကြောင်း၊ ရောဂါကြိုတင်ကာကွယ်နိုင်ရန် လိုအပ်တဲ့ ကျန်းမာရေးသုံးပစ္စည်းများအတွက် ကျေးရွာဘုန်းတော်ကြီးကျောင်း ဆရာတော်နှင့် ဒေသခံပြည်သူ လူငယ်များစုပေါင်း၍ လှုပ်ရှား ဆောင်ရွက်နေကြပြီး ကျေးရွာအတွင်းအဓိကကျတဲ့ နေရာများကိုလည်း ပိုးသတ်ဆေးများ ဖျန်းခဲ့ကြကြောင်း ကျေးရွာဒေသခံ ဦးသန်းလင်းက ထပ်မံပြောပြသည်။

အဆိုပါ ကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် ကျန်းမာရေး အသိပညာပေး လက်ကမ်းစာ စောင်များဖြန့်ဝေခြင်း၊ အသိပညာပေး ဗိနိုင်းများကပ်ခြင်း၊ ပိုစတာများစိုက်ထူခြင်းများ မရှိသည့်အပြင် ကျေးရွာ အဝင်အထွက်သွားလာသည့် ပြည်သူများအနေဖြင့်လည်း နှာခေါင်းစည်း (Mask) များ တပ်ဆင်သွားလာခြင်းများ အားနည်းနေသေးကြောင်း သိရသည်။
ဆလိုင်းကိုကီး