ပခုက္ကူ ၂၀ ဧပြီ
ပခုက္ကူမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးသို့ မီတာခပေးသွင်းရန် လာရောက်ကြသည့် ပြည်သူများအတွက် လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး စနစ်တကျ ဆောင်ရွက်ထားကြောင်း သိရသည်။
မီတာခ လာရောက်ပေးဆောင်ကြသည့် ပြည်သူများအား COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုများ ကာကွယ်နိုင်ရေးတို့အတွက် လူစုလူဝေး မဖြစ်ပေါ်စေရေး လူတစ်ဦးနှင့်တစ်ဦး (၆) ပေခန့်အကွာတွင် တန်းစီ၍ ဝင်ရောက်နိုင်ရန် နေရာသတ်မှတ်ပေးခြင်း၊ လက်ဆေးစင်များ ထားရှိပေးခြင်း၊ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအဖြစ် ပိုးသတ်ဆေးဖျန်းခြင်းများ ပြုလုပ်ပေးလျက်ရှိသည်။
နှစ်သစ်ကူးရုံးပိတ်ရက်များဖြစ်သည့် ဧပြီ ၁၀ ရက်မှ ၁၇ ရက်နေ့အထိ ငွေလက်ခံကောင်တာများ ပိတ်ထားခဲ့ပြီး ဧပြီလ ၁၈ ရက်မှ ၂၀ ရက်အထိ နေ့စဉ် ပိတ်ရက်မရှိ ဖွင့်လှစ်ကောက်ခံသွားမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးမှ ဦးစောဝေက ပြောသည်။
ဆလိုင်းကိုကီး