ပခုက္ကူ ၁၁ ဒီဇင်ဘာ
ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့် စကားပြောစွမ်းရည်၊ အလယ်တန်းအဆင့် ပန်းချီနှင့် မူလတန်းအဆင့် ကဗျာ စသည့်ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။
အခမ်းအနားတွင် အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများက "စာဖတ်ကြစို့" ခေါင်းစဉ်ဖြင့် စကားပြော စွမ်းရည်လည်းကောင်း၊ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများက "စာကြည့်တိုက်သို့သွားကြစို့" ခေါင်းစဉ်ဖြင့် ပန်းချီကိုလည်းကောင်း၊ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများက "စာဖတ်ရှိန်မြင့်မားရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း စုစုပေါင်း ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၄၀)ကျော် အသီးသီးပါဝင်ယှဉ်ပြိုင်ကြရာ ပခုက္ကူမြို့နယ်မှ စာရေးဆရာများ၊ ကဗျာဆရာများနှင့် ပန်းချီဆရာများက ပြိုင်ပွဲအမျိုးအစားအလိုက် စည်းမျဉ်းစည်းကမ်းများနှင့်အညီ အကဲဖြတ် အမှတ်ပေးကြသည်။
ထို့နောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်နီနီဝင်းက ပြိုင်ပွဲများကျင်းပရခြင်း အကြောင်းများကို ရှင်းလင်းပြောကြားပြီး ပခုက္ကူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဝင်းမေက ဌာန၏လုပ်ငန်တာဝန်များ၊ စာဖတ်ရှိန်မြင့်မားရေး၊ စာကြည့်တိုက်အသုံးပြုနည်း၊ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတ တိုးပွားအောင် လုပ်ဆောင်နည်းများ အကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲအသီးသီးတွင် ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ကြသည်။ ထို့အပြင် တိုင်းဒေသကြီးလွှတ်တော်က မြစ်ခြေအခြေခံ အထက်တန်းကျောင်းအတွက် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဆလိုင်းကိုကီး