ပခုက္ကူ စက်တင်ဘာ ၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ရွှေတန့်တစ်ကျေးရွာတွင် ကြီးရွာမြစ်ရေတင်ဖြင့် မိုးစပါး(ဆင်းသုခမျိုး)ကို ဩဂုတ် ၁၅ ရက်မှစတင်၍ ပျိုးထောင်စိုက်ပျိုးကြကြောင်း သိရသည်။

“ကျွန်တော်ကတော့ ပခုက္ကူမြို့နယ်၊ ရွှေတန့်တစ်ကျေးရွာမှာ ကြီးရွာမြစ်ရေတင်ဖြင့် မိုးစပါးနှင့်နွေစပါးရော သုံးဧကအထိ နှစ်စဉ်စိုက်ပျိုးပါတယ်၊ ယခုပျိုးထောင်စိုက်ပျိုးတဲ့ မိုးစပါး(ဆင်းသုခမျိုး)တွေကတော့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ထုတ်ပေးတာပါ။ နွေစပါးစိုက်ပျိုးတုန်းကလည်း သူတို့ဌာနက ထုတ်ပေးထားတဲ့ မျိုးပဲစိုက်ပျိုးခဲ့တာပါ၊ ပြီးခဲ့တဲ့ နွေစပါးစိုက်ပျိုးတုန်းက သုံးဧကအတွက် စုစုပေါင်းအရင်းအနှီး ငွေကျပ် ၈၁၀၀၀၀ ကုန်ကျခဲ့ပါတယ်။ နွေစပါးတစ်ဧကအထွက်နှုန်း တင်းပေါင်း ၁၀၁၅ တင်းရရှိပြီး တစ်တင်းကို ၅၅၀၀ ကျပ်နှုန်းနဲ့ ရောင်းချခဲ့ရသောကြောင့် တစ်ဧကလျှင် ငွေကျပ်လေးသိန်းလောက် အမြတ်ရရှိခဲ့ပါတယ်။ ယခုပျိုးထောင်စိုက်ပျိုးတဲ့ မိုးစပါးကလည်း အရင်းအနှီးကုန်ကျစရိတ်ကတော့ နွေစပါးတုန်းကလိုပါပဲ။ ဒါပေမယ့် မိုးစပါးရောင်းဈေးကတော့ တစ်တင်းလျှင် ငွေကျပ် ၇၅၀၀ ရှိပါတယ်၊ ဒီနှစ်ကတော့ မိုးကောင်းတော့ ယခင်မိုးစပါးထက် အထွက်နှုန်းတိုးပြီး အမြတ်ပိုမိုရရှိမယ်လို့ ယုံကြည်ပါတယ်” ဟု ရွှေတန့်တစ်ကျေးရွာမှ တောင်သူ ဦးညွန့်ဝင်းက ပြောပြသည်။

ပခုက္ကူမြို့နယ်၊ ရွှေတန့်တစ်ကျေးရွာတွင် ကြီးရွာမြစ်ရေတင်ဖြင့် မိုးစပါးဧကပေါင်း ၁၂၃၃ ဧကရှိပြီး ၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၅ ရက်မှ စတင်ပျိုးထောင်စိုက်ပျိုးကြရာ ၄၄၁ ဧက စိုက်ပျိုးပြီးစီးကြောင်း၊ ကျန်ရှိနေသည့် မိုးစပါး ဧကများကိုလည်း စက်တင်ဘာလကုန်တွင် ရာနှုန်းပြည့်စိုက်ပျိုးပြီးစီးရန် လျာထားကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မိုးစပါးစိုက်ပျိုးသည့် တောင်သူများအတွက် တစ်ဧကလျှင် မိုးစပါး(ဆင်းသုခမျိုး) တစ်တင်းနှုန်းနှင့် ယိုးဒယားသွင်းအားစုများ ထောက်ပံ့ပေးခြင်း၊ တောင်သူများ၏ စိုက်ခင်းများအား အရည်အသွေးပြည့်မီသည့် စပါးမျိုးရရှိရေးနှင့် စပါးအထွက်အနှုန်း မြင့်မားစေရေးတို့အတွက် စိုက်ပျိုးရေးဆိုင်ရာနည်းပညာများ ပံ့ပိုးကူညီပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ပခုက္ကူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစန်းလွင်က ပြောသည်။

ဆလိုင်းကိုကီး(ပြန်/ဆက်)