ပခုက္ကူ ၂၃ မေ
၂၀၂၀ ပြည့်နှစ် မိုးရာသီတွင်စိုက်ပျိုးရန် ပျိုးပင်ပေါင်း ၉ သောင်းကျော်ကို ပခုက္ကူမြို့နယ် သစ်တောဦးစီးဌာနက ပျိုးထောင်ထားရှိကြောင်း သိရသည်။
ပျိုးဥယျာဉ်ခြံ(၃)ခြံရှိပြီး အညာဒေသနှင့်ကိုက်ညီသည့် တမာ၊ သစ်စိမ့်၊ သပြေ၊ ခရေ၊ လျှော်ဖြူ၊ ယင်းမာနှင့် ကျွန်း အပါအဝင် သစ်ပင်မျိုးပေါင်း (၃၀)ကို အများပြည်သူနှင့် ဌာနဆိုင်ရာများ၊ ကျေးရွာသုံး ထင်းစိုက်ခင်းနှင့် CF ဟု ခေါ်သည့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းများအတွက် ပျိုးပင်ပေါင်း ၉ သောင်းကျော် ဖြန့်ဝေစိုက်ပျိုး သွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တော ဦးစီးမှူး ဦးဝင်းဇော်က ပြောသည်။
ပခုက္ကူမြို့နယ် သစ်တောဦးစီးဌာန အနေဖြင့် သစ်ပင်ပျိုးပင်များ စိုက်ပျိုးထားရှိရန် လာရောက်တောင်းခံသည့် ဌာနဆိုင်ရာများနှင့် ပြည်သူများကို မျိုးပင် အမျိုးအစားများအလိုက် စိုက်ပျိုးရေး နည်းစနစ်များအကြောင်း၊ မြေဆီလွှာ၊ ရေရရှိမှု အခြေအနေများအပေါ် ရှင်သန်နိုင်မှု အခြေအနေတို့ကို စနစ်တကျ လက်တွေ့ရှင်းလင်းပြသပြီး ဖြန့်ဝေပေးလျက်ရှိသည်။
ထို့ပြင် ယခုနှစ်တွင် တန့်ကြည့်တောင်တန်းကြီး စိမ်းလန်းစိုပြေရေးအတွက် Seed ball ခေါ် သစ်စေ့လုံး တစ်သိန်းရှစ်ထောင် ကိုလည်း ဆူးထိုးစိုက်ပျိုးသွားမည် ဖြစ်သည်။
ပခုက္ကူမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် အများပြည်သူနှင့် ဌာနဆိုင်ရာဖြန့်ဝေရန် ပျိုးပင် (၅၈၀၀၀)၊ ကျေးရွာ သုံးထင်း စိုက်ခင်းအတွက် (၃၃၂၇၅)ပင်၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော်စိုက်ခင်းအတွက် (၈၂၅၀)ပင် ပျိုးထောင်ထားရှိကြောင်း သိရသည်။
ဆလိုင်းကိုကီး(ပြန်/ဆက်)


