ပခုက္ကူ ၈ စက်တင်ဘာ
ပခုက္ကူမြို့နယ် မယ်ဇလီပင်ကုန်းအုပ်စု သံပုရာပင်ကုန်းကျေးရွာတွင် လျှပ်စစ်မီးဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီကကျင်းပသည်။
ရှေးဦးစွာ လျှပ်စစ်ထရမ်စဖော်မာအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သဘာဝ သယံဇာတနှင့် လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီးဦးမြင့်ဇော်၊ ပခုက္ကူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်ကိုနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြမင်းဆွေတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။
ထို့နောက် ဝန်ကြီး ဦးမြင့်ဇော်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် ကျေးရွာအရောက် လျှပ်စစ်မီးရရှိရေးကို ဆောင်ရွက်ပေးနေကြောင်း၊ ပြည်သူများကလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နိုင်၍သာ လျှပ်စစ် မီးလင်းရေးကိစ္စများ အဆင်ပြေစွာ ဆောင်ရွက်နိုင်ခြင်းဖြစ်ကြောင်း ကျေးရွာသူ/ ကျေးရွာသားများကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်၍သာ အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်ကိုနှင့်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြမင်းဆွေတို့က လျှပ်စစ်မီးလင်းရေးအတွက် ကူညီဆောင်ရွက်ကြသော ဌာနဆိုင်ရာများနှင့် ပြည်သူများအား ဂုဏ်ပြုကျေးဇူးတင်စကား ပြောကြားသည်။
သံပုရာပင်ကုန်းကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားသို့ ပခုက္ကူခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်အံ့မောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်နှင့် ခရိုင်လျှပ်စစ်အင်ဂျင်နီယာမှူး ဦးအေးဝင်းနှင့် ခရိုင်အဆင့်မြို့နယ်အဆင့် တာဝန်ရှိသူများ၊ ကျေးရွာသူ/ကျေးရွာသားများ တက်ရောက်ကြကြောင်း သိရသည်။
ကိုတမာ


