ပခုက္ကူ ၆ သြဂုတ်


    
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ လမ်းရွာကျေးရွာအုပ်စု ထန်းခြောက်ပင်ကျေးရွာ ကျေးရွာမီးလင်းရေး အခမ်းအနားကို သြဂုတ် ၆ ရက် နံနက် ၉ နာရီက အဆိုပါကျေးရွာတွင် ကျင်းပရာ ပြည်ထောင်စုအစိုးရအဖွဲ့ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်းနှင့် ခရိုင်၊ မြို့နယ်များမှ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သေည်တော်များ၊ ဒေသခံပြည်သူအများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ပြည်ထောင်စုအစိုးရအဖွဲ့ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့်၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဉီးဝေဇင်ထွန်း၊ ပခုက္ကူခရိုင် လျှပ်စစ်အင်ဂျင်နီယာ ဉီးအေးဝင်းနှင့် ကျေးရွာမီးလင်းရေးအတွက် မတည်အလှူရှင် ဉီးကျော်လွင်၊ ကျေးရွာမီးလင်းရေးကော်မတီ ဉက္ကဋ္ဌ ဉီးကျော်ဝင်းတို့က ထန်းခြောက်ပင်ကျေးရွာ မီးလင်းရေးမုဒ်ဉီးရှေ့တွင် ဖဲကြီးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဒုတိယဝန်ကြီးမှ နိုင်ငံတော်အစိုးရ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ဆောင်ရွက်ရေးနှင့် ကျေးရွာမီးလင်းရေး ဆောင်ရွက်ပေးနေမှုများကို ဒေသခံပြည်သူများအား အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။ ထို့နောက် ပခုက္ကူခရိုင် လျှပ်စစ်အင်ဂျင်နီယာ ဉီးအေးဝင်းက ကျေးရွာမီးလင်းရေးအတွက် လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီး ကျေးရွာမီးလင်းရေးကော်မတီမှ ဉီးမောင်မောင်နိုင်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဉီးစံဝင်းအောင်တို့က ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားသည်။

 

ထန်းခြောက်ပင်ကျေးရွာတွင် အိမ်ခြေ ၁၄၂ အိမ်၊ အိမ်ထောင်စု ၁၅၅ စု၊ လူဦးရေ ၅၉၈ ဦးရှိပြီး စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာလျှပ်စစ်မီးရရှိရန် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မီနီဘတ်ဂျက် ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် ၇၇ ဒဿမ ၃ သန်း၊ ပြည်သူထည့်ဝင်ငွေ ကျပ် ၅၄ ဒဿမ ၈၅ သန်းတို့ဖြင့် ကျွန်းချောင်းဓာတ်အားခွဲရုံ ၁၁ ကေဗွီ မြို့စိုးဓာတ်အားလိုင်းမှ ၂၀ဝ ကေဗွီအေ ၃ မိုင်ဖြင့် လျှပ်စစ်ဓာတ်အားကို သွယ်တန်းရယူဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျောင်းထိုင်ဆရာတော်အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆပ်ကပ်လှူဒါန်းပြီး ဒုတိယဝန်ကြီး ဦးတင်မြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် အလှူရှင်များက ကျေးရွာမူလတန်း (လွန်) ကျောင်း မိဘဆရာအသင်းအတွက် အလှူငွေများ၊ သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် ရေသန့်စက်တို့ကို ပေးအပ်လှူဒါန်းခဲ့ကြသည်။ ယင်းနောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ကျေးရွာအတွင်းနှင့် မူလတန်း (လွန်) ကျောင်းသို့ လျှပ်စစ်မီး သွယ်တန်းထားရှိမှုတို့ကို ကြည့်ရှု၍ ဒေသခံပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး အလေးထားလိုက်နာ ဆောင်ရွက်နိုင်ရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။

 

စိုးလင်းနိုင်(IPRD)