ပခုက္ကူ စက်တင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ဆောင်ရွက်နေသည့် စေတနာ့ဝန်ထမ်းများအား ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများ စွမ်းဆောင်ရည်မြှင့် သင်တန်းကို စက်တင်ဘာ ၁၆ ရက် နံနက် ၈ နာရီက ပခုက္ကူမြို့၊ တော်ဝင်နန်းဟိုတယ်တွင် ဖွင့်လှစ်ပို့ချသည်။
ရှေးဦးစွာ ပခုက္ကူမြို့နယ် အနာဂတ်အလင်းရောင် လူငယ်ဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဦးရဲထွဋ်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့်သင်တန်းတွင် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ကျန်းမာရေးဆိုင်ရာ စေတနာ့ဝန်ထမ်းများက PPE ဝတ်စုံ ဝတ်နည်း/ချွတ်နည်း လုပ်ငန်းအဆင့်ဆင့်များ၊ RDT Test Kit ဖြင့် ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ စစ်ဆေးနည်း၊ ကိုဗစ်ပိုးတွေ့အတည်ပြုလူနာများနှင့်သံသယလူနာများအား အရေးပေါ် သယ်ယူနည်းနှင့်ရှေးဦးသူနာပြုစုနည်းများကို လက်တွေ့သရုပ်ပြရှင်းလင်းကြရာ သင်တန်းသား/သူ စေတနာ့ဝန်ထမ်း ၂၅ ဦး တို့က လက်တွေ့ဆောင်ရွက်ကြသည်။
အဆိုပါသင်တန်းဖြစ်မြောက်ရေးအတွက် Action Aid (Myanmar) က အဓိကပံ့ပိုးကူညီခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာလုပ်ငန်းများဆောင်ရွက်ကြသည့် စေတနာ့ဝန်ထမ်းများအား ကျန်းမာရေးအသုံးအဆောင်ပစ္စည်းများ စနစ်တကျ လက်တွေ့ ကိုင်တွယ် အသုံးပြုတတ်စေရန်၊ အသင်းအဖွဲ့များအကြား ချိတ်ဆက်မှု ပိုမိုအားကောင်းလာစေရန်၊ လူသားချင်းစာနာ ထောက်ထားမှုအကူအညီပေးရေးဆိုင်ရာကျင့်ဝတ်စည်းကမ်းများ ပိုမိုသိရှိနားလည် လုပ်ဆောင်နိုင်စေရန်တို့အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင်လည်း စေတနာ့ဝန်ထမ်း ၃၀ အား လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးနှင့် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေရေးသင်တန်း ဖွင့်လှစ်ပို့ချပေးခဲ့ကြောင်း၊ ပခုက္ကူမြို့နယ် အနာဂတ်အလင်းရောင်လူငယ် ဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဦးရဲထွဋ်က ပြောသည်။
ဆလိုင်းကိုကီး(ပြန်/ဆက်)


