ပခုက္ကူ စက်တင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ပခုက္ကူမြို့နယ်အတွင်းရှိ အဆင့်မြင့်ပညာနှင့် အခြေခံပညာရေးဝန်ထမ်းများနှင့် စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက တွေ့ဆုံသည်။
ရှေးဦးစွာ လူမှုရေးရာဝန်ကြီးသည် ပခုက္ကူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်နှင့် ဌာဆိုင်ရာတာဝန်ရှိသူများ လိုက်ပါပြီး ကွန်ပျူတာတက္ကသိုလ်(ပခုက္ကူ)၊ နည်းပညာတက္ကသိုလ်(ပခုက္ကူ)နှင့် ပခုက္ကူတက္ကသိုလ်ရှိ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ ဆရာမများ၊ သင်တန်းရေးရာ ဝန်ထမ်းများနှင့် သွားရောက်တွေ့ဆုံရာ တက္ကသိုလ်အလိုက် တာဝန်ခံပါမောက္ခချုပ်များက တက္ကသိုလ်ရှိ ဝန်ထမ်းအင်အားအခြေအနေ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့မှုအခြေအနေ၊ တက္ကသိုလ်တက်ရောက်သည့် နှစ်များနှင့် မေဂျာများအလိုက် သင်ကြားပို့ချပေးနေသည့်ဘာသာရပ်များ၊ တက္ကသိုလ်ဝင်းအတွင်း တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်နေသည့် အခြေအနေများ၊ တက္ကသိုလ်ဝင်း သာယာလှပ စိမ်းလန်းစိုပြည်ရေးအတွက် ဆောင်ရွက်နေသည့်လုပ်ငန်းများကို Power point ဖြင့် ရှင်းလင်းတင်ပြကြရာ ဝန်ကြီးက ဝန်ထမ်းရေးရာနှင့် သင်ကြားရေးရာနှင့် ပတ်သက်ပြီး အခက်အခဲများဖြစ်ပေါ်ပါက တင်ပြကြရန်၊ အဆင့်မြင့်ပညာ(တက္ကသိုလ်)ရှိ အနာဂတ်မျိုးဆက်သစ် ခေတ်ပညာတတ်လူငယ်များကို မွေးထုတ်ပေးနေသည့် သင်ကြားရေးဝန်ထမ်း ဆရာ ဆရာမများအနေဖြင့် အရည်အသွေးပြည့်မီပြီး စည်းကမ်းပြည့်ဝသော လူငယ်များ ပေါ်ပေါက်လာရေး၊ အတွေး၊ အမြင်၊ အယူအဆများ မှန်ကန်စေရေး၊ အများပြည်သူ လူထုအကျိုးစီးပွား ဖြစ်ထွန်းအောင်မြင်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လိုစိတ် ဖြစ်ပေါ်စေရေးနှင့် အနာဂတ် တိုင်းပြည်အတွက် အားထားရသော နိုင်ငံ့သားကောင်းရတနာများ မွေးထုတ်နိုင်ရေးတို့အတွက် အစဉ်ကြိုပမ်း သင်ကြားပို့ချပေးကြရန် လိုအပ်ကြောင်း၊ အဆင့်မြင့်တက္ကသိုလ်အင်္ဂါရပ်များနှင့် ကိုက်ညီစေရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ကြခြင်းဖြစ်ပြီး အရည်အသွေးပြည့်မီသော အဆောက်အအုံများဖြစ်ရေး စနစ်တကျအနီးကပ်ကြီးကြပ် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း မှာကြားသည်။
ဆက်လက်၍ ဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ပခုက္ကူမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြဧရာ(၁)ခန်းမ၌ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ အခြေခံပညာအထက်တန်း၊ အခြေခံပညာ အလယ်တန်းနှင့် အခြေခံပညာ မူလတန်းကျောင်းများရှိ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့်တွေ့ဆုံပြီး သင်ကြားရေးနည်းလမ်းများနှင့် ကောင်းမွန်သောပညာရေး ဖြစ်ပေါ်စေရေးတို့ကို အပြန်အလှန်ဆွေးနွေးကြကြောင်း သိရသည်။
ဆလိုင်းကိုကီး(ပြန်/ဆက်)


