ပခုက္ကူ ၆ ဖေဖော်ဝါရီ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပခုက္ကူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားလာစေရန်၊ တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်၊ ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်စေရန် ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် မြစိမ်းရောင် ကျေးရွာစီမံကိန်းဝင် ကျေးရွာများအား စတုတ္ထအကြိမ်အဖြစ် ချေးငွေများထုတ်ချေးမှုကို ဖေဖော်ဝါရီလ ၆ ရက် နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းကြီးကြပ်ပေးခဲ့ကြကြောင်း သိရသည်။

ချေးငွေထုတ်ချေးမှုများကို ပခုက္ကူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှအကြီးတန်း စာရေး ဒေါ်ဝေဝေဦးနှင့် ဝန်ထမ်းအဖွဲ့တို့၏ ကြီးကြပ်မှုဖြင့် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ရေလုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်းနှင့်အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ကွန်းရွာအုပ်စု၊ ကျွန်းပုလု မြစိမ်းရောင် စီမံကိန်းကျေးရွာရှိ အသင်းသား/သူဦးရေ စုစုပေါင်း(၁၁၄)ဦးတို့အား စတုတ္ထအကြိမ်အဖြစ် မြစိမ်းရောင်ချေးငွေကျပ် (၄၈၂)သိန်း ကိုလည်းကောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် မြို့ခင်းသာအုပ်စု၊ ထန်းပင်ကန်နှင့်တဲကုန်း မြစိမ်းရောင် စီမံကိန်းကျေးရွာများရှိ အသင်းသား/သူ စုစုပေါင်း(၁၁၃)ဦးတို့အား တတိယအကြိမ်အဖြစ် မြစိမ်းရောင် ချေးငွေ (၄၀၈)သိန်း (၅)သောင်းကျပ်ကို လည်း ကောင်း အသီးသီးထုတ်ချေးပေးခဲ့ကြသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျွန်းပုလု မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ စုစုပေါင်းအတိုးရငွေ ကျပ်(၁၈၂)သိန်း၊ ထန်းပင်ကန်နှင့် တဲကုန်းမြစိမ်းရောင် ကျေးရွာစီမံကိန်း၏ စုစုပေါင်းအတိုးရငွေကျပ် (၁၀၉) သိန်းခန့် ရရှိပြီးဖြစ်သောကြောင့် ထိုမြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေများဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများအား ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက် ပေးသွားရန် လျာထားကြောင်း သိရသည်။
ဆလိုင်းကိုကီး
