ပခုက္ကူ    ၁၃   မေ 

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ပခုက္ကူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် မြစိမ်းရောင် စီမံကိန်းဝင် ကျေးရွာများအား ကိုဗစ်-၁၉ ရောဂါကြောင့် သတ်မှတ် အတိုးနှုန်းများ ဖြေလျှော့ပေးမည်ဖြစ်ကြောင်း သိရသည်။

 

130

 

အဆိုပါ မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသော  မြစိမ်းရောင် စီမံကိန်း ကျေးရွာဝင်များအားလုံးကို ချေးငွေအတိုးနှုန်း ပြား ၅၀မှ တစ်ကျပ်ပြား၅၀အထိ သတ်မှတ်ပေးခဲ့ကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေ သည့်ကာလအတွင်း ကျေးလက်နေပြည်သူများ၏ မိသားစုဝင်ငွေ တိုးပွားရေး လုပ်ငန်းများအပေါ် ထိခိုက်မှုသက်သာစေရန်နှင့် တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍ ချေးငွေအတိုးနှုန်းပမာဏများကို ဧပြီလမှစတင်၍ တစ်နှစ်တိတိ ပြား ၅၀ သာ ကောက်ခံသွားရန် ညွှန်ကြားချက်နှင့်အညီ တစ်ပြေးညီ လည်ပတ်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပခုက္ကူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကြည်ကြည်မာက ပြောပြသည်။

 

ပခုက္ကူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေရန်၊ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းဖြင့် စားနပ်ရိက္ခာဖူလုံစေရန်၊ ကျေးလက်နေပြည်သူများ၏ စွမ်းဆောင်ရည် တိုးတက်မြင့်မားလာပြီး ပိုမိုအားကောင်းသော လူ့အဖွဲ့အစည်း ပေါ်ပေါက်လာစေရန်နှင့် ဆင်းရဲနွမ်းပါးမှု လျော့ချနိုင်စေရန် ရည်ရွယ်၍ မြစိမ်းရောင်စီမံကိန်း ကျေးရွာ(၄၁)ရွာကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။           

 

ဆလိုင်းကိုကီး