ပခုက္ကူ အောက်တိုဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းက မိုးသီးနှံစိုက်တောင်သူများအား ၂၀၂၁ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ် ဘဏ်ချေးငွေများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ပခုက္ကူခရိုင်ဘဏ်ခွဲ ထုတ်ချေးပေးလျက်ရှိရာ အောက်တိုဘာလ၁၄ရက်နေ့အထိ ကျေးရွာအုပ်စု(၂၀)မှ တောင်သူဦးရေ(၁၅၀၈)ဦးတို့၏ မိုးစပါး (၆၂၄)ဧကနှင့် အခြားသီးနှံ(၁၀၁၃၆)ဧက၊ စုစုပေါင်းမိုးရာသီစိုက်ပျိုးသီးနှံ ဧက(၁၀၇၆၀) အတွက် ဘဏ်ချေးငွေကျပ် ၁၁၀၇ ဒသမ ၂၀ သန်း ထုတ်ချေးပြီးဖြစ်သောကြောင့် ယခုအခါရာနှုန်းပြည့် ထုတ်ချေးပြီးစီးကြောင်း သိရသည်။
၂၀၂၀ပြည့်နှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ဘဏ်ချေးငွေ ပြေကျေပြီးသည့် တောင်သူများအား ၂၀၂၁ခုနှစ်၊ မိုးစိုက်ပျိုးစရိတ် ဘဏ်ချေးငွေများကို ဆက်လက်ထုတ်ချေးပေးခြင်းဖြစ်ပြီး မိုးစပါးတစ်ဧကလျှင် ငွေကျပ်တစ်သိန်းခွဲနှင့် အခြားသီးနှံတစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းတို့ဖြင့် ပခုက္ကူမြို့နယ်၊ ကမ္မမြို့မှ တောင်သူ(၆၅)ဦး၏ မိုးရာသီစိုက်ပျိုးသီးနှံ (၅၂၇)ဧကအတွက် စိုက်ပျိုး စရိတ်ချေးငွေကျပ်သန်းပေါင်း ၅၂ ဒသမ ၇၀ သန်းအား အောက်တိုဘာလ ၁၄ ရက်တွင် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်ထိ ပခုက္ကူမြို့နယ်အတွင်း ကျေးရွာအုပ်စု(၂၀)မှ တောင်သူဦးရေ(၁၅၀၈)ဦးတို့၏ မိုးစပါး(၆၂၄)ဧကနှင့် မြေပဲ (၂၀၂၆)ဧက၊ နှမ်း(၉)ဧက၊ ပဲတီစိမ်း(၆၈၈၄)ဧက၊ ပဲစဉ်းငုံ(၂၇၉)ဧက၊ နှံစားပြောင်း(၉၃၈)ဧက စသည့် အခြားသီးနှံ(၁၀၁၃၆)ဧက၊ စုစုပေါင်းမိုးရာသီစိုက်ပျိုးသီးနှံ ဧက (၁၀၇၆၀) တို့အတွက် ဘဏ်ချေးငွေစုစုပေါင်းငွေကျပ် ၁၁၀၇ ဒသမ၂၀ သန်းအား ထုတ်ချေး ပေးပြီးဖြစ်ရာ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများရာနှုန်းပြည့် ထုတ်ချေးပြီးစီးပြီဖြစ်ကြောင်း၊ ဘဏ်ချေးငွေအတိုးနှုန်းမှာ ငွေကျပ် ၁၀၀အတွက် တစ်နှစ်လျှင် ငါးရာခိုင်နှုန်းဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်၊ ပခုက္ကူခရိုင်ဘဏ်ခွဲမန်နေဂျာ ဒေါ်သီတာထွန်းက ပြောသည်။
ဆလိုင်းကိုကီး(ပြန်/ဆက်)