ပခုက္ကူ စက်တင်ဘာ ၂၅

 

ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ရသည့် လူနေအိမ် ၄၂ လုံးနှင့် ဘေးသင့်ပြည်သူ ၁၇၂ ဦးအတွက် ထောက်ပံ့ငွေပေးအပ်ပွဲကို စက်တင်ဘာ ၂၄ ရက် မွန်းလွဲ ၂ နာရီက ပခုက္ကူမြို့နယ်၊ ကျွန်းညိုကြီးအုပ်စု၊ ကျွန်းညိုရွာသစ်ရွာ ဓမ္မာရုံ၌ ကျင်းပသည်။

 

ရှေးဦးစွာ ပခုက္ကူခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင် ခရိုင်ပြန်/ဆက် ဦးစီးမှူး ဦးဇော်ဌေးအောင်က ကြိုတင်ပြောင်းရွှေ့ လူနေအိမ်များနှင့် မိသားစုဝင်များအား ထောက်ပံ့ငွေ ပေးအပ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ပခုက္ကူခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ရသည့် နေအိမ်များအတွက် တစ်အိမ်လျှင် ကျပ်တစ်သိန်းနှုန်းဖြင့် ကျပ် ၄၂ သိန်း၊ ဘေးသင့်ပြည်သူတစ်ဦးလျှင် ဆန်ရိက္ခာဖိုး တစ်ပတ်စာ ကျပ် ၂၁၀၀ နှုန်းဖြင့် ၁၇၂ ဦးအတွက် ကျပ် ၃၆၁၂၀၀ စုစုပေါင်း ငွေကျပ် ၄၅၆၁၂၀၀ ကို ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ကြကြောင်း သိရသည်။

 

ဟိန်းသူ(ပြန်/ဆက်)