ပခုက္ကူ ဒီဇင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ကြီးရွာမြစ်ရေတင်ဖြင့် စိုက်ပျိုးထားသော မိုးစပါမျိုးစေ့ထုတ် စံပြကွက် စံကွက်ရိတ်သိမ်းခြင်းကို ဒီဇင်ဘာ ၂၃ရက် နံနက်ပိုင်းက ရွှေတန့်တစ်ကျေးရွာ၊ တောင်သူ ဦးချစ်လှိုင်၏ ကွင်းအမှတ် (၃၁၄)တွင် ပြုလုပ်သည်။
ရှေးဦးစွာ ပခုက္ကူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းလှိုင်၊ စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်မာအေး၊ မြို့နယ်ဦးစီးမှူး ဦးစန်းလွင်နှင့် ဝန်ထမ်းများ၊ ခရိုင်/ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများက ရွှေတန့်တစ်ကျေးရွာရှိ တောင်သူ ဦးချစ်လှိုင်၏ ကွင်းအမှတ် (၃၁၄)၊ ဦးပိုင်အမှတ် (၃၇)၊ ဆင်းသုခ(R.S to C.S) မျိုးစပါး ၁၁ ဧက စိုက်ခင်းမှ စံကွက်ငယ်အား လက်ဖြင့် ရိတ်သိမ်းခြွေလှေ့ခြင်း၊ ရိတ်သိမ်း ခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခြင်း ဆောင်ရွက်ကြရာ မျိုးစပါး တစ်ဧက အထွက်နှုန်း အစို ၁၁၃ တင်း၊ အခြောက် ၁၀၄ တင်းနှုန်း ထွက်ရှိကြောင်း သိရသည်။
ပခုက္ကူမြို့နယ်တွင် ဆင်းသုခ(R.S) မိုးစပါးကို ကြီးရွာလျှပ်စစ်မြစ်ရေတင်ဖြင့် ဧက ၈၀၀၊ ရွှေတန့်တစ် လျှပ်စစ်မြစ်ရေတင်ဖြင့် ၄၃၃ ဧက စုစုပေါင်း ၁၂၂၂ ဧက စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါး ဆင်းသုခ(R.S)နှင့် စိုက်ပျိုးရေးဆိုင်ရာ သွင်းအားစုများ ကူညီထောက်ပံ့ခြင်းများ ပြုလုပ်သည့်အပြင် စိုက်ပျိုးရာသီကာလအတွင်း မျိုးစပါးမှန်ကန်ရေးနှင့် စိုက်ပျိုးနည်းစနစ် မှန်ကန်စေရေးတို့အတွက် ပခုက္ကူခရိုင် မျိုးစေ့လုပ်ငန်းအဖွဲ့က ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ပေးကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစန်းလွင်ထံမှ သိရသည်။
အောင်ဇော်(ပြန်/ဆက်)


