ပခုက္ကူ ၁၁ မေ
ပခုက္ကူမြို့နယ်၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နွေစပါးစိုက်ပျိုးလျာထားဧကထက် ဧက ၄၀ ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ယခုနှစ်တွင် နွေစပါး SRI မျိုးစေ့ထုတ်စိုက်ခင်း (၁၀)ဧက စိုက်ပျိုးထားပြီး တစ်ဧကလျှင် နွေစပါးမျိုးစေ့ နို့ဆီဗူး(၁၀)ဗူး စိုက်ပျိုးခဲ့ကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်က နွေစပါး SRI မျိုးစေ့ထုတ်စိုက်ခင်း (၁၀)ဧကမှ မျိုးစပါးတင်း (၁၁၀၀) ထွက်ရှိခဲ့ကြောင်း၊ ယခုနှစ်ထွက်ရှိမည့် နွေစပါးမျိုးသန့်နမူနာများကို အထက်မြန်မာပြည်ဌာနခွဲ (မန္တလေး)သို့ ပေးပို့စစ်ဆေးစေပြီး အရည်အသွေးပြည့်မီမှသာ ပခုက္ကူမြို့နယ် အပါအဝင် အနီးပတ်ဝန်းကျင်ရှိ ရေစကြို၊ တောင်သာမြို့နယ်များနှင့် အခြားဆက်စပ်မြို့နယ်များရှိ တောင်သူများထံ မျိုးစေ့များ ဆက်လက်ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း သိရသည်။
နှစ်စဉ်နှစ်တိုင်း မျိုးစပါးကို တင်း(၁၀၀၀)ကျော် ဖြန့်ဖြူးပေးကြောင်း၊ မျိုးစပါးဖူလုံရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်းပြီး မျိုးကောင်းမျိုးသန့်ရရှိရေး ကြိုးစားလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် ကာလဖြစ်သောကြောင့် အထူးဂရုပြုပြီး စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်လျက်ရှိကြောင်း ရွှေတန့်တစ်ကျေးရွာမှ နွေစပါး SRI မျိုးစေ့ထုတ်စိုက်ခင်း (၁၀)ဧကပိုင်ရှင် ဦးမျိုးကျော်က ပြောသည်။
ကိုဗစ်-၁၉ ရောဂါကြောင့် မျိုးစေ့နှင့် ဓာတ်မြေဩဇာဆိုင်များ ယာယီပိတ်ထားခြင်းကြောင့် လယ်ယာကဏ္ဍအဖြစ် တောင်သူများ စိုက်ချိန်း၊ ပျိုးချိန်များတွင် အခက်အခဲဖြစ်ကြောင်းနှင့် တောင်သူများစိုက်ပျိုးချိန်တွင် အခက်အခဲများကြုံတွေ့ရစဉ် မျိုးစေ့၊ ဓာတ်မြေဩဇာများ အချိန်မီရရှိရေးအတွက် ဌာနမှဆောင်ရွက်ပေးလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစန်းလွင် က ပြောသည်။
ပခုက္ကူမြို့နယ်တွင် နွေစပါးစိုက်လျာထားမှုမှာ (၁၂၃၆)ဧကဖြစ်ပြီး ယခုနှစ်တွင် (၁၂၇၆)ဧက စိုက်ပျိုးနိုင်ခဲ့သောကြောင့် ဧက(၄၀) ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
ဆလိုင်းကိုကီး(ပြန်/ဆက်)


