ပခုက္ကူ ဇန်နဝါရီ ၃၀

 

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်အတွင်း ကျွန်းညိုကြီးကျေးရွာအုပ်စု၊ ကံလှကျေးရွာအုပ်စု၊ တင်းဂတ်ကျေးရွာအုပ်စုနှင့် ကုက္ကိုလှကျေးရွာတို့ရှိ ကျွန်းကျေးရွာများတွင် ကုန်စိမ်းသီးနှံများ စိုက်ပျိုးလုပ်ကိုင်ကြပြီး ယခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်သည့် ပန်းဂေါ်ဖီအပါအဝင် ကုန်စိမ်းသီးနှံအချို့ ဈေးနှုန်းကျဆင်းသော်လည်း အရောင်းအဝယ်ဖြစ်ထွန်း လျက်ရှိကြောင်း သိရသည်။

 

ပခုက္ကူမြို့နယ်တွင် ဒေသတွင်းစိုက်ပျိုးသည့် မုန်လာထုပ် (ပန်းမုန်လာ)ဟုခေါ်သည့် ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီများ လှိုင်လှိုင်ပေါ်ချိန်ဖြစ်၍ စီးပွားဖြစ် အရောင်းအဝယ်ကောင်းလျက်ရှိကြောင်း၊ ပခုက္ကူမြို့ အမှတ်(၁) စည်ပင်သာယာမြို့မဈေးကြီးသို့ နေ့စဉ်သွားရောက်ရောင်းချလျက်ရှိပြီး ဈေးနှုန်းကျဆင်းသော်လည်း နေ့စဉ်ဝယ်ယူစားသုံးသူ များပြားခြင်းကြောင့် ဆက်လက်အရောင်းအဝယ် ဖြစ်ထွန်းလျက်ရှိကြောင်း မြို့မဈေးသည်တစ်ဦးက ပြောသည်။

 

ပခုက္ကူမြို့ပေါ်ရှိ အမှတ်(၁) စည်ပင်သာယာမြို့မဈေးကြီးနှင့် အမှတ်(၂)စည်ပင်သာယာဈေးနှင့် ယာယီပျံကျဈေးတို့တွင် ဆောင်းရာသီထွက် ကုန်စိမ်းသီးနှံမျိုးစုံ လှိုင်လှိုင်ပေါ် ဝင်ရောက်ချိန်ဖြစ်သောကြောင့် ကုန်စိမ်းသီးနှံများ ဈေးနှုန်းကျဆင်းရခြင်းဖြစ်ကြောင်း သိရသည်။

 

ဆလိုင်းကိုကီး