နေပြည်တော်၊ ၁၀ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ဇန်နဝါရီ ၈ ရက်နေ့က လက်လုပ်လေသေနတ် ကိုင်ဆောင်အသုံးပြုသူအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ပခုက္ကူမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၈ ရက်ညပိုင်းက သက်သေများနှင့်အတူ နယ်မြေအတွင်း လှည့်ကင်းတာဝန်ဆောင်ရွက်နေစဉ် မကျီးသုံးပင် ကျေးရွာအနီး၌ ပေါက်မြို့ဘက်မှ ကမ္မမြို့ဘက်သို့ မြင်းခြံမြို့နယ်၊ လယ်သစ်ကျေးရွာနေ စိုးသူ ယာဉ်အား စစ်ဆေးရာ အရှည် ၃ ပေခန့်ရှိ လက်လုပ် လေသေနတ် ၁ လက်နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် စိုးသူအား ကမ္မနယ်မြေရဲစခန်း၌ အမှုဖွင့်အရေးယူထားခြင်းဖြစ်သည်။
အလားတူ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၌လည်း ဇန်နဝါရီ ၈ ရက်နေ့က လက်လုပ်လေသေနတ် ၁ လက် ကိုင်ဆောင်အသုံးပြုသူအား ဖမ်းဆီးအရေးယူထားခဲ့သည်။
ပြင်ဦးလွင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၈ ရက် ညပိုင်းက သက်သေများနှင့်အတူ လှည့်ကင်း တာဝန်ဆောင်ရွက်နေစဉ် ရပ်ကွက်ကြီး(၈)၊ နဝရတ်လမ်းနှင့် ရွှေပန်းကုံး လမ်းကြား၌ ကျော်သူ(ခ) ကျော်နိုင်ဝင်းအား လက်လုပ် လေသေနတ် ၁ လက်၊ ဖန်ဂေါ်လီ ၁၀ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းကို ပြင်ဦးလွင်မြို့မရဲစခန်း၌ အမှုဖွင့်အရေးယူထားကြောင်း ရဲပြန်ကြားမှ သတင်းရရှိသည်။
(သတင်းစဉ်)
