ပခုက္ကူ ၂၉ ဧပြီ
ပခုက္ကူမြို့နယ်ရှိ စက်ရုံ၊ အလုပ်ရုံများ ပုံမှန်လည်ပတ်နိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားမှုကို ယနေ့ နံနက် ၉ နာရီက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးရာတွင် ပခုက္ကူမြို့နယ်၊ ကျွန်းချောင်းကျေးရွာ၊ ကျွန်းချောင်းသဘာဝဓာတ်ငွေ့သုံး စက်ရုံနှင့် IPP (BOD) စနစ်ဖြင့် တည်ဆောက်လျက်ရှိသည့် ၂၀ ဒသမ ၅၄ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း (ကျွန်းချောင်း) လုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ပခုက္ကူခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာကျော်နိုင်ဝင်း၊ အဖွဲ့ဝင်များ ဖြစ်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်ကိုနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ ထုတ်ပြန်ထားသော အစီအမံများအတိုင်း ဆောင်ရွက်ထားရှိမှုနှင့် လိုက်နာဆောင်ရွက်သင့်သည်များကို ဆွေးနွေးအကြံပြုခဲ့သည်။
ထို့နောက် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ကမ္မမြို့ရှိ ဇီးခွဲစက်ရုံ၊ ကမ္မ-ချမ်းစိမ့် တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်းနှင့် ပခုက္ကူမြို့ရှိ စက်ရုံအလုပ်ရုံများ၊ အထည်ချုပ်စက်ရုံများ၊ ဘဏ်များကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကိုဇော်(ဓာတု)


