ပခုက္ကူ ဇူလိုင် ၂ 

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူများအား ၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို ဇူလိုင် ၂ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ မြဧရာ (၁) ခန်းမ၌ ဆက်လက်ထုတ်ချေးပေးသည်။

 

ပခုက္ကူမြို့နယ်အတွင်း မြေပဲ၊ နှမ်း၊ ဝါ၊ ပဲတီစိမ်း၊ ပဲစဉ်ငုံ၊ ကုလားပဲ၊ အစေ့ထုတ်ပြောင်း၊ ငရုတ်၊ ကြက်သွန်များ  စိုက်ပျိုးလုပ်ကိုင်သည့် ကိုင်းအုပ်စုက ဘဏ်အဖွဲ့ဝင် တောင်သူ ၂၄၅ ဦး၏ စိုက်ခင်းဧက  ၂၀၄၄ ဧကအတွက် ချေးငွေပမာဏကျပ်  ၂၀၄၄၀၀၀၀၀ နှင့် ညောင်ပင်အုပ်စုက ဘဏ်အဖွဲ့ဝင် ၁၃ ဦး၏ စိုက်ခင်းဧက ၇၃ ဧကအတွက် ချေးငွေပမာဏ ကျပ် ၇၃၀၀၀၀၀ စုစုပေါင်း စိုက်ခင်းဧက ပေါင်း ၂၁၁၆ ဧကအတွက်  မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ပမာဏပေါင်း ငွေကျပ် ၂၁၁၆၀၀၀၀၀ တို့ကို ယနေ့တွင် ထုတ်ချေးပေးနေခြင်းဖြစ်ကြောင်း၊ ၂၀၂၁ခုနှစ်၊ ဇူလိုင် ၁ ရက်အထိ တင်းဂါတ်၊ ကျပ်ထိုး၊ ညောင်းလှ၊ ကွန်းရွာ၊ ချိုင်ကျေးရွာအုပ်စုများမှ ဘဏ်အဖွဲ့ဝင် တောင်သူ ၂၀၈ ဦး၏ စပါးစိုက်ခင်းဧက ၃၄၄ နှင့် အခြားသီးနှံစိုက်ခင်းဧက ၉၄၉ ဧကတို့အတွက် ချေးငွေပမာဏပေါင်းကျပ်  ၁၄၆၅၀၀၀၀၀ တို့ကို ထုတ်ချေးပြီးဖြစ်ကြောင်း၊ ပခုက္ကူမြို့နယ်အတွင်း ကျေးရွာအုပ်စု ၃၂ အုပ်စုမှ ဘဏ်အဖွဲ့ဝင်တောင်သူ ၄၈၀၀ ရှိပြီး  ၂၀၂၀ ပြည့်နှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများအတွက် ဧပြီလအထိ အပြေအကျေ ပေးချေပြီးသည့် ဘဏ်အဖွဲ့ဝင်တောင်သူများကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလကုန်အထိ နောက်ဆုံးထား၍ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေပေးသွားမည်ဖြစ်ကြောင်း ပခုက္ကူခရိုင် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ ခရိုင်မန်နေဂျာ ဒေါ်သီတာထွန်းက ပြောသည်။

 

mdn

 

ထို့အပြင် ပခုက္ကူမြို့နယ်၊ ကိုင်းအုပ်စု မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေစိစစ်ရေး အတွင်းရေးမှူး ဦးအောင်နိုင်ဦးက “ကျွန်တော်ကတော့ မိုးရာသီစိုက်ပျိုးစရိတ်အတွက် ချေးငွေ  ၁၀ သိန်း ယူထားပါတယ်၊ ယခင်နှစ် မိုးရာသီတုန်းကလည်း စိုက်ပျိုးစရိတ် ၁၀)သိန်း ယူထားပြီး မြေပဲ ၁၀ ဧက၊ ပဲတီးစိမ်း ၂၅ ဧက၊ ပဲစဉ်းငုံ ၁၅ ဧက၊ ဆောင်းနှံ ၂၅ ဧက ကို စိုက်ပျိုးခဲ့ပါတယ်၊ အရင်းအနှီးနဲ့ပြောမယ်ဆိုရင် မျိုးစေ့ဝယ်ယူစရိတ်၊ မြေဆီဩဇာ ထည့်စရိတ်၊ ပေါင်းသင်စရိတ်နှင့် ထွန်ယက်စရိတ်တွေအတွက်ကို ငွေကျပ် သိန်း ၃၀ လောက်ကုန်ကျပါတယ်၊ ရာသီဥတုက သိပ်မကောင်းလို့ စိုက်ခင်းတွေ မအောင်မြင်ဘဲ ၁၅ သိန်းလောက် အရှုံးပေါ်ခဲ့ပါတယ်၊ ဒီနှစ်ကတော့ အမြတ်အစွန်းရမယ်လို့ ခန့်မှန်းထားပါတယ်၊ ကျွန်တော်တို့က တောင်သူပဲလုပ်ကိုင်တတ်တော့ကျ စိုက်ပျိုးမြေတိုင်း အောင်မြင်ဖြစ်ထွန်းဖို့ဆိုရင် အစိုးရက ချေးငွေတွေ ဒီထက်ပိုချေးပေးနိုင်ရင်တော့ အဆင်ပြေမှာပေါ့၊ အပြင်မှာ ငွေတိုးချေးစားတဲ့သူတွေဆီက အတိုးပေးရတဲ့ ရာခိုင်နှုန်း ပမာဏများလို့ ချေးယူထားမိရင် ပြန်ဆပ်နိုင်ဖို့ကလည်း မလွယ်ပါဘူး”ဟု ပြောသည်။

 

ဆလိုင်းကိုကီး(ပြန်/ဆက်)