ပခုက္ကူ  ၂၇  ဧပြီ

 

အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းအသင်းဝင်စာရင်းအတည်ပြုရရှိနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ဧပြီ ၂၇ ရက် နံနက် ၁၀ နာရီအချိန်က ပခုက္ကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ မြဧရာ(၁)ခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ ပခုက္ကူမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်က နိုင်ငံတော် အစိုးရ၊ Coronavirus Disease 2019 (ကိုဗစ်-၁၉) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လုပ်ငန်းစဉ် (၇) ရပ်အကြောင်းဖတ်ကြားပြီး မိမိမြို့နယ်အတွင်း Facility Quarantine Center ထားရှိသည့် နေရာများတွင် စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်လုပ်ကိုင်လှုပ်ရှားကြသည့် အရပ်ဘက်အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကို အမျိုးသား အဆင့် စေတနာ့ဝန်ထမ်း အသင်းဝင် စာရင်းတွင် အတည်ပြုဖွဲ့စည်းရရှိနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေး ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ တက်ရောက်လာသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်ကို၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမြမင်းဆွေ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးဟန်ဇော်ဝင်းနှင့် ဒေါ်ဇင်နီနီဝင်း၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာကျော်နိုင်ဝင်း၊ ဌာနဆိုင်ရာများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ လက်ရှိ Facility Quarantine Centerတွင် ပါဝင်လုပ်ကိုင်သည့် စေတနာ့ ဝန်ထမ်းများက အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းအသင်းဝင်များ စာရင်းအတည်ပြုရရှိနိုင်ရေး အတွက် ဆောင်ရွက်လုပ်ကိုင်သင့်သည့် အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးကြသည်။

 

ထို့နောက် ပထမဦးဆုံးလုပ်ငန်းစဉ်အဖြစ် မြို့နယ်အတွင်း Facility Quarantine Center များ၌ အတွင်း စည်း၊ အပြင်စည်း နေရာများတွင် တာဝန်ယူဆောင်ရွက်လုပ်ကိုင်မည့် စေတနာ့ဝန်ထမ်း အသင်းဝင် စာရင်းကို ကောက်ယူရရှိရေး ကျန်လုပ်ငန်းစဉ်များအလိုက် ဆက်လက်ဆွေးနွေးဆောင်ရွက်ကြရန် ဆွေးနွေးဆုံးဖြတ်ကြသည်။

 

အဆိုပါ ညှိနှိုင်းအစည်းအဝေးကို ဒေသအလိုက် သက်ဆိုင်ရာ Quarantine Center များတွင် ကျရာ တာဝန်များကို ဝင်ရောက်ကူညီဆောင်ရွက်နေသော စေတနာ့ဝန်ထမ်း “Volunteer” များအတွက် ရေရှည် ရပ်တည်နိုင်မှု၊ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာမြှင့်တင်နိုင်ရေးတို့အတွက် စနစ်တကျ စုဖွဲ့နိုင်စေပြီး အလှူရှင်လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် ဟန်ချက်ညီ ချိတ်ဆက်ဆောင်ရွက်နိုင်စေရေး၊ သာမန် အချိန်များတွင် စွမ်းရည်မြှင့်မှုအစီအစဉ်များ ဆောင်ရွက်နိုင်ရေးအတွက် စီမံဆောင် ရွက်ပေးရန်၊ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် လည်းကောင်း၊ နောင်တွင် အချိန်မရွေး ဖြစ်ပေါ်ကြုံတွေ့လာနိုင်သည့် အရေးပေါ် အခြေအနေများတွင် လည်းကောင်း၊ နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့်အညီ စုစည်းပါဝင်ပံ့ပိုး၊ ဆောင်ရွက်နိုင်ရေးအတွက် လက်ရှိ Quarantine Center များတွင် တာဝန်ထမ်းဆောင် လျက်ရှိသော စေတနာ့ဝန်ထမ်း “Volunteer” များကို စနစ်တကျစုစည်းပံ့ပိုး၊လေ့ကျင့်ပေးနိုင်ရေးတို့အတွက် အမျိုးသားအဆင့် စေတနာ့ ဝန်ထမ်းအသင်းဝင်များ စာရင်းအတည်ပြုရရှိပြီး Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီထံ ပေးပို့နိုင်ရေး ပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။

 

ဆလိုင်းကိုကီး