ပခုက္ကူ နိုဝင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် စတုတ္ထအသုတ်ပြည်သူ ၁၂၀၅ ဦးအား နိုဝင်ဘာလ ၉ ရက်နေ့မှစတင်ပြီး ကာကွယ်ဆေး (ပထမအကြိမ်) ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးက သိရသည်။
ထို့သို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် ပခုက္ကူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ နေရာချထားခြင်း၊ ကိုယ်အပူချိန် တိုင်းတာ ပေးခြင်း၊ စာရင်းဖြည့်သွင်းခြင်းများဆောင်ရွက်ပြီး ကာကွယ်ဆေး(ပထမအကြိမ်) ဆက်လက်ထိုးနှံပေးကြရာ နိုဝင်ဘာ ၁၂ ရက်အထိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် ရဟန်း၊ သံဃာနှင့် သီလရှင်ပေါင်း(၁၁)ပါး၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစု(၇၆)ဦး၊ ဘဏ်၊ စက်ရုံ၊ အလုပ်ရုံများမှ ပုဂ္ဂလိကဝန်ထမ်း (၁၅)ဦးနှင့် အခြားဦးစားပေးအဆင့်အလိုက် ပြည်သူ(၁၁၀၃)ဦး စုစုပေါင်း (၁၂၀၅)ဦးတို့အား ထိုးနှံပြီးစီးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံခြင်းလုပ်ငန်းကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေ့တနာ့ ဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရာ နိုဝင်ဘာ ၁၂ ရက်အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ် အပြည့်အဝထိုးနှံပြီးသူ ၃၈၀၁၃ ဦးရှိကြောင်း၊ တတိယအသုတ်အဖြစ် ပထမအကြိမ်ကာကွယ်ဆေးပြီးသူ ၁၁၉၃၀ ဦးနှင့် လက်ရှိကာကွယ်ဆေး ထိုးနှံပေးရန် ကျန်ရှိသူများကို စတုတ္ထအသုတ်အဖြစ် ဆက်လက်ထိုးနှံပေးခြင်းဖြစ်ကြောင်း ပခုက္ကူမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးမိုးကျော်သူထံက သိရသည်။
ဆလိုင်းကိုကီး(ပြန်/ဆက်)


