ပခုက္ကူ ဇူလိုင် ၈
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ဇူလိုင် ၇ ရက်အထိ ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ လေးဦးအထိရှိလာကြောင်း ဒေသခံလူမှုကူညီရေးအသင်းများထံက သိရသည်။
ပခုက္ကူမြို့၊ အမှတ်(၁၅)ရပ်ကွက်နေ အမျိုးသားတစ်ဦးဖြစ်ပြီး အသက်ရှူကြပ်သဖြင့် ဆေးရုံသို့ဆေးကုသရန် နံနက်ပိုင်းက လာရောက်သဖြင့် ကိုဗစ်ပိုး ရှိ/မရှိ စစ်ဆေးရာ ပိုးတွေ့ရှိခဲ့ပြီး နေ့လယ်ပိုင်းတွင် သေဆုံးခြင်း ဖြစ်ကြောင်း၊ ပခုက္ကူမြို့ အမှတ်(၁) ရပ်ကွက် မဟာဝိသုတာရာမပါဠိတက္ကသိုလ် (အရှေ့တိုက်)က ရဟန်းတစ်ပါး၊ ရေစကြိုမြို့နယ် ဆင်မရဲကျေးရွာက အမျိုးသမီးတစ်ဦး၊ ပခုက္ကူမြို့ အမှတ်(၁၅)ရပ်ကွက်နေ အမျိုးသားတစ်ဦး တို့ဖြစ်ကြောင်း သိရသည်။
ပခုက္ကူမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ ၇၈ ဦးအထိရှိကြောင်း၊ ရောဂါပိုးတွေ့ရှိသူများမှ တချို့ကို အထွေထွေ ရောဂါကုပြည်သူ့ဆေးရုံကြီး(အရှေ့ဘက်) ဖျားနာကုသဆောင်တွင်ထားရှိပြီး ဆေးကုသမှုခံယူစေလျက်ရှိကြောင်း၊ တစ်ချို့ကို မိမိနေအိမ်တွင် ၁၁ ရက်ကြာ Home Stay နေထိုင်စေကြောင်း၊ လက်ရှိတွင်လည်း ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်၊ ထင်းတန်းလမ်း၊ ပရိယတ္တိဗိမာန်(နှစ်ထပ်စာဖြေဆောင်) ဝန်းအတွင်း ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် ဆက်လက် စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။
ပခုက္ကူမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်ခိုင်က ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများကို တိကျစွာလိုက်နာ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောသည်။
ဆလိုင်းကိုကီး(ပြန်/ဆက်)