ပခုက္ကူ အောက်တိုဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ရွှေတန့်တစ်၊ ကြီးရွာ၊ ကုက္ကိုလ်လှ၊ နုံးပို့ စသည့် လျှပ်စစ်မြစ်ရေတင် လေးခုဖြင့် မိုးရာသီစိုက်ပျိုးသီးနှံစိုက်ဧကပေါင်း ၁၂၅၀၀ ဧကကို ဩဂုတ် ၁၅ ရက်နေ့မှ စတင်စိုက်ပျိုးကြရာ ယခုအခါ ရာနှုန်းပြည့် စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ပခုက္ကူမြို့နယ်တွင် ရွှေတန့်တစ်၊ ကြီးရွာ၊ ကုက္ကိုလ်လှ၊ နုံးပို့ လျှပ်စစ်မြစ်ရေတင်လေးခုဖြင့် လယ်မြေဧက (၁၂၀၀)၊ ယာမြေဧက(၁၀၃၀၀)နှင့် ကိုင်းသီးနှံဧက(၁၀၀၀)၊ စုစုပေါင်းမိုးရာသီစိုက်ပျိုးသီးနှံ ဧကပေါင်း (၁၂၅၀၀)ဧကတို့တွင် စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပြောင်း၊ စားဖိုဆောင်သီးနှံ၊ ဝါ၊ ကြံ စသည့် မိုးစပါးနှင့် သီးထပ်သီးညှပ်များစိုက်ပျိုးကြရာ ယခုအခါရာနှုန်းပြည့် စိုက်ပျိုးပြီးစီးနေပြီကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် မိုးစပါးစိုက်ပျိုးသည့်တောင်သူများအတွက် တစ်ဧကလျှင် မိုးစပါး(ဆင်းသုခမျိုး) တစ်တင်းနှုန်းနှင့် ယိုးဒယားသွင်းအားစုများ ထောက်ပံ့ပေးခြင်း၊ တောင်သူများ၏ စိုက်ခင်းများအား အရည်အသွေးပြည့်မီသည့် စပါးမျိုးရရှိရေးနှင့် စပါးအထွက်အနှုန်း မြင့်မားစေရေးတို့အတွက် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ ပံ့ပိုးကူညီပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ပခုက္ကူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစန်းလွင်က ပြောသည်။
ဆက်လက်ပြီး ပခုက္ကူမြို့နယ်၊ ကွန်းရွာကျေးရွာအုပ်စု၊ ရွှေတန့်တစ်ကျေးရွာ၊ ဦးပိုင်အမှတ်(၆၁/၁)၊ စံကွက်အမှတ်(၃၁၄) ပိုင်ရှင် တောင်သူဦးညွှန့်ဝင်းက “ကျွန်တော်ကတော့ ပခုက္ကူမြို့နယ်၊ ရွှေတန့်တစ် ကျေးရွာမှာ ကြီးရွာလျှပ်စစ်မြစ်ရေတင်ဖြင့် မိုးစပါးနှင့်နွေစပါးရော သုံးဧကအထိ နှစ်စဉ်စိုက်ပျိုးပါတယ်၊ ယခု ပျိုးထောင်စိုက်ပျိုးတဲ့ မိုးစပါး(ဆင်းသုခမျိုး)တွေကတော့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ထုတ်ပေးတာပါ။ နွေစပါးစိုက်ပျိုးတုန်းကလည်း သူတို့ဌာနက ထုတ်ပေးထားတဲ့မျိုးပဲ စိုက်ပျိုးခဲ့တာပါ၊ ကျွန်တော်ကတော့ အခြားသီးနှံတွေ ထည့်သွင်းစိုက်ပျိုးခြင်းမရှိဘဲ စပါးမျိုးကိုပဲ သီးသန့်စိုက်ပျိုးပါတယ်၊ ပြီးခဲ့တဲ့နွေစပါး စိုက်ပျိုးတုန်းက တစ်ဧကလျှင် ထွန်ယက်ခ ၃၅၀၀၀ ကျပ်၊ ပျိုးထောင်စရိတ် ၂၀၀၀၀ ကျပ်၊ ကောက်စိုက်ခ ၄၀၀၀၀ ကျပ်၊ ပေါင်း သင်ခ ၁၅၀၀၀ ကျပ်၊ ပုလဲဓာတ်မြေဩဇာအသုံးပြုစရိတ် ၁၁၀၀၀၀ ကျပ်၊ ရိတ်သိမ်းခြွေလှေ့ခ ၅၀၀၀၀ ကျပ်စီဖြင့် တစ်ဧကလျှင် ငွေကျပ် ၂၇၀၀၀၀ ရှိပြီး သုံးဧကအတွက် စုစုပေါင်း အရင်းအနှီး ငွေကျပ် ၈၁၀၀၀၀ ကုန်ကျခဲ့ပါတယ်၊ နွေစပါးတစ်ဧက အထွက်နှုန်းတင်းပေါင်း ၁၀၁၅ တင်းရရှိပြီး တစ်တင်းကို ၅၅၀၀ကျပ်နှုန်းနဲ့ ရောင်းချခဲ့ရသောကြောင့် တစ်ဧကလျှင် ငွေကျပ် လေးသိန်းလောက် အမြတ်ရရှိခဲ့ပါတယ်၊ ယခုပျိုးထောင်စိုက်ပျိုးတဲ့ မိုးစပါးကလည်း အရင်းအနှီးကုန်ကျ စရိတ်ကတော့ နွေစပါးတုန်းကလိုပါပဲ၊ သိပ်မကွာပါဘူး၊ ဒါပေမယ့် မိုးစပါးရောင်းဈေးကတော့ တစ်တင်းလျှင် ငွေကျပ် ၇၅၀၀ ကျပ်ရှိပါတယ်၊ ဒီနှစ်ကတော့ မိုးကောင်းတော့ကျ ယခင်မိုးစပါးထက် အထွက်နှုန်းတိုးပြီး အမြတ်ပိုမိုရရှိမယ်လို့ ယုံကြည်ပါတယ်” ဟု ပြောပြသည်။
ဆလိုင်းကိုကီး(ပြန်/ဆက်)