ပခုက္ကူ ၂၃ အောက်တိုဘာ

 

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပခုက္ကူမြို့နယ်အတွင်း  မဲရုံလုပ်ငန်းများကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် မဲရုံမှူး(၃၅၀) နှင့် ဒုတိယမဲရုံမှူး (၃၅၀) စုစုပေါင်း (၇၀၀) တို့အား အောက်တိုဘာ ၂၀ ရက်မှစတင်၍ ပခုက္ကူမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ပို့ချ သင်ကြားပေးရာ သင်တန်းပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

 

၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပခုက္ကူမြို့နယ် အတွင်း ရပ်ကွက်(၃၅)ရပ်ကွက်၊ ကျေးရွာအုပ်စု(၅၄)အုပ်စု၊ ကျေးရွာပေါင်း(၈၉)ရွာတို့တွင် မဲရုံပေါင်း(၃၅၀)ဖြင့် ဆန္ဒမဲပေး ကြ မည်ဖြစ်ရာ အဆိုပါမဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး(၃၅၀) ဒုတိယမဲရုံမှူး(၃၅၀) နှင့် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်(၈၉)ဦးတို့အား ပခုက္ကူမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ အခန်းပေါင်း (၁၀)ခန်းတွင် တစ်ခန်းလျှင်သင်တန်းသား(၂၅)ဦးစီဖြင့် သီးခြားစီခွဲ၍ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်း လမ်းညွှန်ချက်များနှင့်အညီ သင်တန်းပို့ချပေးခြင်းဖြစ်သည်။

 

အဆိုပါသင်တန်းတွင် မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ တာဝန်ဝတ္တရားများ၊ မဲရုံအဖွဲ့ဝင်များခန့်အပ်ခြင်း၊ ယခင်အထွေထွေ ရွေးကောက်ပွဲအတွေ့အကြုံများအရ သတိပြုရမည့်အချက်များ၊ မဲရေတွက်ခြင်းနှင့် မဲရလဒ်ဆိုင်ရာသတိပြုရန်အချက်များ၊ မဲရုံတည်နေရာနှင့် မဲရုံအခင်းအကျင်း ကြိုတင်ပြင်ဆင်မှုများ၊ မသန်စွမ်းသူများနှင့်အကူအညီလိုအပ်သူ မဲဆန္ဒရှင်များမဲပေးခြင်း၊ မဲပေးခြင်းဆိုင်ရာ စစ်ဆေးရမည့် အချက်အလက်များ၊ မဲရုံဖွင့်လှစ်ခြင်း၊ မဲပေးခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်၊ ခိုင်လုံမဲ၊ ပယ်မဲ သတ်မှတ်ချက်များ၊ မဲရေတွက်ခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်၊ ရေတွက်ရရှိသော မဲရလဒ်ထုတ်ပိုးခြင်း၊ မဲရုံပိတ်ခြင်းနှင့် မဲရေတွက် ခြင်းကို တိုက်ဆိုင်စစ်ဆေးမှုစာရင်း၊ မဲရုံလုံခြုံရေး၊ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့်ပြစ်ဒဏ် စသည့်ဘာသာရပ်များနှင့် မဲရုံအတွင်းသို့ ဝင်ရောက်ခွင့်ရှိသူများ၊ မဲပေးခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်သရုပ်ပြခြင်းများကို သင်တန်းနည်းပြဆရာ၊ ဆရာမ(၁၅)ဦးမှ အောက်တိုဘာလ ၂၀ရက်မှ ၂၃ရက်အထိ လေးရက်ကြာ စာတွေ့လက်တွေ့စနစ်တကျ သင်တန်းပို့ချပေးလျက်ရှိကြောင်း သိရသည်။

 

ဆလိုင်းကိုကီး(ပြန်/ဆက်)