ပခုက္ကူ ၂၇ ဧပြီ
ပခုက္ကူမြို့နယ်တွင် မီးဘေးနှင့် လေဘေးသင့်အိမ်ထောင်စုများအား ဧပြီလ ၂၇ ရက် နံနက်ပိုင်းက ထောက်ပံ့ရေး ပစ္စည်းများပေးအပ်ကြသည်။
ထိုသို့ ပေးအပ်ရာတွင် ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်၊ သီရိမာလာလမ်းတွင် မီဘေးကြောင့် ပျက်စီး ဆုံးရှုံးခဲ့သည့် အိမ်ထောင်စု(၅)စုအတွက် ပခုက္ကူခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တစ်အိမ်ထောင်လျှင် အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ်(၂)သိန်း၊ အိမ်ထောင်စု လေးစုအတွက် ကယ်ဆယ်ရေး ပစ္စည်း(၂၁)မျိုးစီနှင့် ကျန်အိမ်ထောင်စု တစ်စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၂၂)မျိုး၊ မီးဘေးသင့် ပြည်သူတစ်ဦးလျှင် ဆန်ရိက္ခာဖိုးငွေ(၂၁၀ဝ)ကျပ် မီးတားကြိုတင်ဖျက်သိမ်းသည့် အိမ်ထောင်စုအတွက် (၁)သိန်းနှင့် ဆန်ရိက္ခာဖိုး ငွေကျပ် (၈၄၀ဝ)တို့ကိုလည်းကောင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ တစ်အိမ်ထောင်လျှင် ငွေကျပ်(၁၁၅၀ဝ၀)နှင့် တစ်ကိုယ်ရေသုံးပစ္စည်း၊ ကျန်းမာရေးသုံးပစ္စည်း၊ မိသားစုသုံးပစ္စည်းများကိုလည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ကြသည်။
ထောက်ပံ့ပေးအပ်ရာသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးဟန်ဇော်ဝင်းနှင့် ဒေါ်ဇင်နီနီဝင်၊ မြို့အုပ်ချုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်၊ ပခုက္ကူခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်သန္တာရွှေနှင့် ဝန်ထမ်းများ၊ ခရိုင်နှင့် မြို့နယ်ကြက်ခြေနီ အသင်းဥက္ကဋ္ဌနှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
အလားတူ ပခုက္ကူခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ဧပြီလ ၂၅ရက်နေ့တွင် လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် အမိုးလန်အိမ်(၁၇)လုံး၊ ပြိုကျပျက်စီးအိမ်(၃)လုံး၊ ဘုန်းတော်ကြီး ကျောင်း အဆောက်အဦ(၂)လုံး၊ မူလတန်းကြိုကျောင်း(၁)ကျောင်း စသည့် ကျေးရွာ အိမ်ထောင်စု (၂၀)စုနှင့် လေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးနှင့် ထောက်ပံ့ ပစ္စည်းစုစုပေါင်းတန်ဖိုးငွေကျပ် (၁၇၅၈၀ဝ၀) ကျပ်ကို ထောက်ပံ့ပေးအပ်ကြောင်းသိရသည်။
ဆလိုင်းကိုကီး


