ပခုက္ကူ ဒီဇင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ကြီးရွာမြစ်ရေတင်ဖြင့် စိုက်ပျိုးထားသော မိုးစပါးမျိုးစေ့ထုတ် စံပြကွက်ရိတ်သိမ်းခြင်းကို ယနေ့ နံနက် ၉ နာရီက ရွှေတန့်တစ်ကျေးရွာ၊ တောင်သူဦးမိုးကျော်၏ ကွင်းအမှတ် (၃၁၄)တွင် ပြုလုပ်သည်။
ရှေးဦးစွာ ပခုက္ကူမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်သူ၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ခင်မာအေး၊ မြို့နယ်ဦးစီးမှူး ဦးစန်းလွင်နှင့် ဝန်ထမ်းများ၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ဝင်ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် တောင်သူများက ရွှေတန့်တစ်ကျေးရွာရှိ တောင်သူဦးမိုးကျော်၏ ကွင်းအမှတ်(၃၁၄)၊ ဦးပိုင်အမှတ် (၃၈/၁)၊ ဆင်းသုခ(R.S)မျိုးစပါး (၇)ဧကစိုက်ခင်းမှ ၆ ပေ ၆ လက်မ ပတ်လည်စံပြကွက်ငယ်အား လက်ဖြင့်ရိတ်သိမ်းခြွေလှေ့ ဆောင်ရွက်ကြရာ မျိုးစပါးအစို ၁၅ ဒသမ ၅ တင်းထွက်ရှိပြီး တစ်ဧကလျှင် အစို ၁၂ဒသမ ၀၅တင်း၊ အခြောက် ၁၁၁ ဒသမ ၂၉ တင်းနှုန်းစီ ထွက်ရှိကြောင်း သိရသည်။
“ကျွန်တော်က ရွှေတန့်တစ်ကျေးရွာမှာ ကြီးရွာမြစ်ရေတင်နဲ့ စိုက်ခင်းဧက(၇)ဧကကို နှစ်စဉ် နွေ၊ မိုး၊ ဆောင်း စိုက်ပျိုးလုပ်ကိုင်ပါတယ်၊ ယခုနှစ်မိုးစပါးကို စိုက်ပျိုးရေးဦးစီးဌာနက ထောက်ပံ့တဲ့ ဆင်းသုခ(R.S)မျိုး စပါးစိုက်ပျိုးပါတယ်၊ အရင်းအနှီးအနေနဲ့ တစ်ဧကလျှင် စိုက်ပျိုးစရိတ်ငွေကျပ် ၅၅၀၀၀၊ မျိုးနှုတ်ခငွေကျပ် ၅၀၀၀၀၊ ဓာတ်မြေဩဇာထည့်စရိတ် ငွေကျပ် ၂၄၀၀၀၀၊ စပါးရိတ်သိမ်းစက်ဖြင့် ရိတ်သိမ်းခြွေလှေ့စရိတ် ငွေကျပ် ၅၅၀၀၀၊ မြစ်ရေတင်မှရေသွင်းအသုံးပြုခ ငွေကျပ် ၆၀၀၀ အသီးသီးကုန်ကျပါတယ်၊ ယခင်နှစ် မိုးစပါး အထွက်နှုန်းမှာ တစ်ဧက ၈၅ တင်းထွက်ရှိပြီး တစ်တင်းကို ငွေကျပ် ၆၈၀၀ ကျပ်နဲ့ ရောင်းရသောကြောင့် အမြတ်ငွေ နှစ်သိန်းကျော်ရရှိပါတယ်" ဟု တောင်သူဦးမိုးကျော်က ပြောပြသည်။
ပခုက္ကူမြို့နယ်အတွင်း ဆင်းသုခ(R.S) မိုးစပါးကို ကြီးရွာလျှပ်မြစ်ရေတင်ဖြင့် ၈၀၀ ဧက၊ ရွှေတန့်တစ် လျှပ်စစ်မြစ်ရေတင်ဖြင့် ၄၃၃ ဧက၊ စုစုပေါင်း ၁၂၂၂ ဧက စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးဆင်းသုခ (R.S)မျိုးစပါးနှင့် စိုက်ပျိုးရေးဆိုင်ရာသွင်းအာစုများ ကူညီထောက်ပံ့ခြင်းများ ပြုလုပ်သည့်အပြင် စိုက်ပျိုးရာသီကာလအတွင်း မျိုးစပါးမှန်ကန်ရေးနှင့် စိုက်ပျိုးနည်းစနစ် မှန်ကန်စေရေး တို့အတွက် ပခုက္ကူခရိုင် မျိုးစေ့လုပ်ငန်းအဖွဲ့က ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ပေးကြကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးစန်းလွင်က ပြောသည်။
ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)


