ပခုက္ကူ ၂၉ ဧပြီ
ပခုက္ကူမြို့နယ်၊ ဘဲရွာသစ်ကျေးရွာတွင် မိုးကြို ရွှေတောင်-၈ ချည်မျှင်ရှည်ဝါစံပြကွက်အဖြစ် ဖေဖော်ဝါ ရီလ (၁၆)ရက်က စတင်စမ်းသပ်စိုက်ပျိုးကြောင်းသိရသည်။
ပခုက္ကူမြို့နယ်၊ ဘဲရွာသစ်ကျေးရွာရှိ တောင်သူ ဦစန်းနိုင်၏ ယာပြင် တစ်ဧကတွင် မိုးကြို ရွှေတောင်-၈ ချည်မျှင်ရှည်ဝါ စံပြကွက်အဖြစ် ရေချွေတာသုံးစွဲမှုစနစ် (Sprinkler) ကိုအသုံးပြု၍ ဖေဖော်ဝါရီလ (၁၆) ရက်မှ စတင်ကာ စမ်းသပ်စိုက်ပျိုးနေပြီဖြစ်ကြောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စံပြကွက် တစ်ဧက စိုက်ပျိုးနိုင်ရန် ဝါမျိုးစေ့သုံးပိဿာနှင့် စိုက်ပျိုးရေးလုပ်ငန်းများဖြစ်ထွန်းအောင်မြင်စေရေးအတွက် ရေပန်း၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးတို့ကို အခမဲ့ထောက်ပံ့ပေးအပ်ပြီး စိုက်ပျိုးစေကြောင်း သိရသည်။
ပခုက္ကူမြို့နယ်သည် အညာဒေသဖြစ်သည့်အတွက် နွေရာသီတွင်စိုက်ပျိုးရေရှားပါးသောကြောင့် စိုက်ပျိုးရေး လုပ်ကိုင်သော တောင်သူများအနေဖြင့် ရရှိသည့် ရေကိုချွေတာစွာ အသုံးပြုစိုက်ပျိုး၍ သီးနှံ အထွက်တိုးကာ ဝင်ငွေပိုမိုရရှိစေရေးတို့အတွက် ရည်ရွယ်၍ စမ်းသပ်စိုက်ပျိုးစေခြင်းဖြစ်ကြောင်း၊ ရွှေတောင်-၈ ချည်မျှင်ရှည်ဝါ၏ သက်တမ်းမှာ ရက်ပေါင်း(၁၅၀)ရှိရာ ယခုအခါ ရက်ပေါင်း (၇၂)ရက် သားရှိပြီး အသီးအပွင့်များဖြင့် ဖြစ်ထွန်း အောင်မြင်နေပြီဖြစ်ကြောင်း၊ ချည်မျှင်ရှည်ဝါကို များသော အားဖြင့် မိုးရာသီတွင်သာ စိုက်ပျိုးလေ့ရှိကြပြီး မြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ခုနှစ်၌ စိုက်ဧက (၃၉၀ဝ)ကျော် စိုက်ပျိုးကြကြောင်း၊ ယခုမိုးကြိုကာလတွင် စိုက်ပျိုးသောစံပြကွက်သည် အခြားချည်မျှင်ရှည်ဝါ စိုက်ပျိုးသည့်တောင်သူများထက် ပိုမိုအောင်မြင်ဖြစ်ထွန်းမည်ဟု ယုံကြည်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးစန်းလွင်က ပြောသည်။
ဆက်လက်၍ တောင်သူ ဦစန်းနိုင်က ယခင်နှစ်များက စိုက်ပျိုးရေးလုပ်ငန်းအဖြစ် မိုးကြိုကာလများတွင် စိုက်ပျိုးလုပ်ကိုင်မှုများ မရှိခဲ့ကြောင်း၊ ယခုအခါ စိုက်ပျိုးရေး ဦးစီးဌာန၏ နည်းပညာနှင့် စိုက်ပျိုးရေးသုံး ပစ္စည်းများ ပံ့ပိုးကူညီမှုတို့ကြောင့် မိမိယာပြင်တွင်ရှိသည့် ရေတွင်းမှရေကို ချွေတာစွာ သုံးစွဲနိုင်သည့် စနစ်ဖြင့် မိုးကြိုချည်မျှင်ရှည်ဝါကို စမ်းသပ်စိုက်ပျိုးလုပ်ကိုင်နေကြောင်း၊ စတင်စိုက်ပျိုးစဉ် ကာလများတွင် မြောင်းရေသွင်းစနစ် အသုံးပြုခဲ့ပြီး နောက်ပိုင်းတွင် ရေပန်းစနစ်ဖြင့် အသုံးပြုရာ ရေကုန်ဆုံးမှု ကွာဟပြီး စက်သုံးဆီနှင့် လုပ်အားလည်းသက်သာလျက်ရှိကြောင်း၊ မိုးကြိုချည်မျှင်ရှည်ဝါ ကို တစ်ဧက စမ်းသပ်စိုက်ပျိုးထားကြောင်း၊ မြက်၊ပေါင်းပင်များကို အလုပ်သမားများ ငှားရမ်း ၍ လုပ်ကိုင်ကြောင်း၊ ယခုစိုက်ပျိုးသည့် ချည်မျှင်ရှည်ဝါမှာ တစ်ဧကမှ အနည်းဆုံး ပိဿာချိန် (၉၀ဝ)နှင့် (၁၀ဝ၀)ကြားအတွင်း ထွက်ရှိမည်ဟု ယုံကြည်ကြောင်း၊ စိုက်ပျိုးဧက စုစုပေါင်း (၁၀)ဧကရှိပြီး ကျန်(၉) ဧကမှ နှစ်ဧကအား လာမည့်မိုးတွင်းကာလတွင်နှမ်းစိုက်ပျိုးရန် ထွန်ယက်ပြီးဖြစ်ကြောင်း၊ ကျန်ဧကများ ကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လပိုင်းကာလများတွင် ပဲအမျိုးမျိုးနှင့် အခြားစားသောက်ကုန် သီးနှံများ စိုက်ပျိုးရန် လျာထားကြောင်း ပြောပြသည်။
ဆလိုင်းကိုကီး


