ပခုက္ကူ အောက်တိုဘာ ၉

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ပခုက္ကူမြို့နယ် ဦးစီးမှူးရုံးက “ပန်းခင်း” စီမံချက်ဖြင့် ၂၀၂၁ခုနှစ်၊ စက်တင်ဘာလကုန်အထိ နိုင်ငံသား စိစစ်ရေးကတ်ပြား ၁၃၀၀ ကျော်နှင့် အိမ်ထောင်စုလူဦးရေစာရင်း ၃၀၀ ကျော် ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။

 

“ပန်းခင်း”စီမံချက်ဖြင့် ပခုက္ကူမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ဒေသခံပြည်သူများ၏ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ  ပြုလုပ်ပေးနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ၂၀၂၁ခုနှစ်၊ မေ ၃ ရက်မှ စတင်ကာ စိစစ်ဆောင်ရွက်ပေးလျက်ရှိပြီး စက်တင်ဘာလ ကုန်အထိ အသက် ၁၆ နှစ်နှင့် ၁၈ နှစ်အကြား နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၅၁ ကတ်၊ အသက် ၁၈ နှစ်အထက် နိုင်ငံသား စိစစ်ရေးကတ်ပြား ၂၅၆ ကတ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား(လဲလှယ်)  ၄၃၃ ကတ်၊ ပျောက်ဆုံး၊ ပျက်စီးသည့် နိုင်ငံသား စိစစ်ရေးကတ်ပြား(မိတ္တူ)  ၄၈၉ ကတ်၊ တရားဝင်အိမ်ထောင်စုလူဦးရေစာရင်း ၃၁၃ ခု၊ တရားဝင်ရွှေ့ပြောင်းနေထိုင်ခွင့်ရ (Mတံဆိပ်ပါ) အိမ်ထောင်စုလူဦးရေစာရင်း ၆၉ ခု၊ စုစုပေါင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၃၂၆ ကတ်နှင့် အိမ်ထောင်စုလူဦးရေ စာရင်း ၃၈၂ ခုတို့ကို စိစစ်ဆောင်ရွက်ပြီးစီးသောကြောင့် သက်ဆိုင်ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ပေးအပ်ပြီးဖြစ်ကြောင်း၊  ကျန်ရှိနေသေးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအထိ အပြီးသတ် ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ပခုက္ကူမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်မှူး ဦးအောင်မျိုးထွန်းက ပြောသည်။

 

အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်အမျိုးမျိုးထုတ်ပေးရေး “ပန်းခင်း” စီမံချက်လုပ်ငန်းမှာ အိမ်ထောင်စုလူဦးရေစာရင်းမရှိသူများ၊ မည်သည့်ကတ်အမျိုးအစားမျှ ကိုင်ဆောင်ထားခြင်း မရှိသူများ၊ အိမ်ထောင်စုလူဦးရေ စာရင်းရှိသော်လည်း နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ရန် ကျန်ရှိသူများ၊ ၂၀၂၁ခုနှစ်၊ ဧပြီ ၁ ရက်နေ့မှ ၂၀၂၂ခုနှစ်၊ ဧပြီ ၁ ရက်နေ့အတွင်း တိုးလာမည့် အသက်(၁၈)နှစ်နှင့် အထက်ရှိသူများကို အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်ပြား တစ်မျိုးမျိုး ကိုင်ဆောင်ခွင့်ရရှိနိုင်ရေး တို့အတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

ဆလိုင်းကိုကီး(ပြန်/ဆက်)