ပခုက္ကူ ၁၈ ဇွန် 


သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်းနှင့် အသိပညာများ မြှင့်တင်ရေးစီမံကိန်း မိတ်ဆက်ပွဲအခမ်းအနားကို  ယနေ့ နံနက် ၉ နာရီက ပခုက္ကူမြို့၊ တော်ဝင်နန်းဟိုတယ်ခန်းမ၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ ပခုက္ကူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်က အဖွင့်အမှာစကား ပြောကြားပြီး ပခုက္ကူခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်တာဝန်ခံ ဦးလမင်းသန်းက သဘာဝဘေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးသည်။ 


ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ကြည်ပြာစိုးက ဘေးအန္တရာယ်နှင့် ပတ်သက်ပြီး တက်ရောက်လာသော ဌာနဆိုင်ရာများ ကျေးရွာဘေးစီမံကော်မတီများနှင့် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြီး ဂါဒီးယမ်းအဖွဲ့မှ စီမံချက်မန်နေဂျာ ဦးလင်းသူအောင်က စီမံကိန်းလုပ်ဆောင်မည့် အချက်အလက်များနှင့် လုပ်ဆောင်မည့် ကျေးရွာများအား ရှင်းလင်းတင်ပြသည်။ 


ထို့နောက် မြို့နယ်သဘာဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဝင် Flydo အဖွဲ့ ဥက္ကဋ္ဌ ဦးရဲထွဋ်က တက်ရောက်သူများ၏ ဆွေးနွေးမှုများအား သုံးသပ်ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။


အဆိုပါသဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်းနှင့် အသိပညာများ မြှင့်တင်ရေး စီမံကိန်းကို မရိုးကုန်းကျေးရွာ၊ ရွာသစ်ကုန်းကျေးရွာ၊ ကုက္ကိုလှကျေးရွာ၊ မြင်းကျွန်းကျေးရွာ၊ နှုံးပို့ကုန်းကျေးရွာနှင့် သိမ်ကုန်းကျေးရွာတို့တွင် တစ်ရွာလျှင် စိန်တစ်လုံးသရက်ပင် ၃၀ဝ စိုက်ပျိုးပြီး၊ စိုက်ပျိုးသည့် အပင်တိုင်းရှင်သန်စေရေးနှင့်  ကမ်းပြိုမှုအန္တရာယ် ကြိုတင်ကွယ်နိုင်ရန် ကမ်းပါးထိန်း  မြက် စိုက်ပျိုးခြင်းလုပ်ငန်းများအား ကျေးရွာဘေး စီမံကော်မတီများ၊ ဂါးဒီးယမ်းအဖွဲ့မှ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ ဒေသတွင်း ဘေးအန္တရယ်လျော့ပါးစေရေး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


ကိုတမာ