ပခုက္ကူမြို့တွင် ဝါစိုက်တောင်သူများ၊ ဝါလုပ်ငန်းရှင်များ၊ စက်ရက်ကန်း၊ လက်ရက်ကန်းလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲကျင်းပ

ပခုက္ကူ  ၂၂ ဒီဇင်ဘာ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝါလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဝါစိုက်တောင်သူများ၊ ဝါလုပ်ငန်းရှင်များ၊ စက်ရက်ကန်း၊ လက်ရက်ကန်း လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲကို ပခုက္ကူမြို့နယ်၊ အနောက်ချောက်ကန်ကျေးရွာ၌ ဒီဇင်ဘာ ၂၂ ရက် နံနက် ၈နာရီခွဲအချိန်က ကျင်းပသည်။

 

‌ေ

 

ရှေးဦးစွာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မောင်းက အဖွင့်အမှာစကားပြောကြားရာတွင် “ဝါချည်မျှင်ဖြင့် ရက်လုပ်သော အထည်အလိပ်များသည် ယခုနေ့ခေတ်ထိ မတိမ်ကော မပပျောက်ကြောင်း၊ စီးပွားရေးလောက၌ အရေးပါလှသော ဝါသည် အမျိုးမျိုးအဖုံဖုံဖြစ်၍  မြန်မာနိုင်ငံတွင် စိုက်ပျိုးဖြစ်ထွန်းသော ဝါမျိုးများမှ လူသုံးကုန်ပစ္စည်းများအဖြစ် တွင်တွင်ကျယ်ကျယ် အသုံးပြုကြသည်ကို တွေ့ရကြောင်း၊ ဝါဂွမ်းမှထုတ်လုပ်ပြီး ဝါချည်မျှင်တို့ဖြင့် ရက်လုပ်သည့် အထည်အလိပ်တို့သည် ကျန်းမာရေးနှင့်ညီညွတ်ခြင်း၊ ငွေကုန်ကြေးကျသက်သာခြင်း၊ ဝတ်ဆင်ရာ၌ သက်သောင့် သက်သာရှိခြင်း၊ လူအများစု လက်လမ်းမှီနိုင်သော အထည်အလိပ်များ ဖြစ်ခြင်းတို့ကြောင့် ယနေ့တိုင် လူသုံးများခြင်းဖြစ်ကြောင်း၊ ၁၈ရာစုနှစ် နောက်ပိုင်း အထည်အလိပ် ရက်လုပ်သော လုပ်ငန်းများတွင် စက်ကိရိယာအမျိုးမျိုး တီထွင်အသုံးပြုလာကြသောကြောင့် လုပ်ငန်းများပိုမိုတွင်ကျယ်၍ စက်ရုံ၊ အလုပ်ရုံများတွင် ကုန်ပစ္စည်းအများအပြား ထုတ်လုပ်သော စနစ်များပေါ်ထွက်ထွန်းကားလာကြောင်း၊ ဝါဂွမ်းသည် ကုန်သွယ်စီးပွားရေးလောက၌ အရေးပါလှသော ကုန်ပစ္စည်းတစ်မျိုးဖြစ်ပြီး ကမ္ဘာ့အရပ်ရပ်တွင် ဝါဂွမ်းရရှိရေး ဝါပင်များစိုက်ပျိုးကြကြောင်း၊ မြန်မာနိုင်ငံတွင် အများဆုံးစိုက်ပျိုးလုပ်ကိုင်လျက်ရှိသော ဝါသုံးမျိုးမှာ ဝါကြီး၊ ဝါကလေး၊ ချည်မျှင်ရှည်ဝါတို့ဖြစ်ပြီး မိုးခေါင်ရေရှားပါးသည့် အညာပိုင်းဒေသတွင် ဝါကလေးအမျိုးအစားအား တောင်သူများ အားထား စိုက်ပျိုးကြကြောင်း၊ ဝါဂွမ်းဖြင့်ရက်လုပ်သော အထည်အလိပ်များသည် ပြည်တွင်းပြည်ပဈေးကွက်များနှင့် ဝါစိုက်ပျိုးရေး အခြေအနေများသည် ရှည်ကြာစွာရပ်တည်လျက်ရှိကြောင်း၊ ဝါစိုက်တောင်သူများ၊ ဝါလုပ်ငန်းရှင်များနှင့် မြန်မာ့ရိုးရာနည်း စက်မှု၊လက်မှု ရက်ကန်းလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်ခိုင်မာသော ဝါစိုက်ပျိုးရေး၊ ရက်ကန်းလုပ်ငန်းများကို ရေရှည် တည်တံ့အောင် ဆက်လက်လုပ်ဆောင်သင့်ကြောင်း’’ ပြောကြားသည်။ ထို့နောက် ပခုက္ကူမြို့နယ်၊ အနောက်ချောက်ကန် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်သူအောင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ဆက်လက်၍ မြို့နယ်၊ ဝါရက်ကန်းလုပ်ငန်းအဖွဲ့ခေါင်းဆောင် ဒေါ်အေးအေးမိုးက စက်ရက်ကန်းနှင့်လက်ရက် ကန်းလုပ်ငန်းရက်လုပ်နေမှုအခြေအနေများ၊ စက်ရက်ကန်း၊ လက်ရက်ကန်းပစ္စည်းများအခြေအနေတို့ကို  လိုက်လံရှင်းပြရာ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မောင်း၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှူး ဦးစီးအရာရှိ ဦးဝေဠုအောင်နှင့် ဝန်ထမ်းများ၊ ရက်ကန်းလုပ်ငန်းရှင်များ၊ဝါစိုက်ပျိုးတောင်သူများနှင့်ဒေသခံပြည်သူများက လေ့လာကြည့်ရှုအားပေးကြကြောင်း သိရသည်။

ဆလိုင်းကိုကီး(NRDC)