ပခုက္ကူ ၃၁ အောက်တိုဘာ
ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးမှု လျှော့ချရေး အမြင်ဖွင့်သင်တန်းဆင်းပွဲကို ပခုက္ကူမြို့၊ အောင်သရဖူ ဟိုတယ်ခန်းမတွင် အောက်တိုဘာ ၃၀ ရက်နေ့ ညနေ၃နာရီက ကျင်းပသည်။
ရှေးဦးစွာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးမြမင်းဆွေက သင်တန်းဆင်း အမှာစကား ပြောကြားသည်။
ဆက်လက်၍ ကရုဏာလူမှုစည်းလုံးညီညွတ်ရေးအသင်းမှ စီမံချက်ကျေးရွာများကိုထောက်ပံ့သည့် သဘာဝဘေး ကြိုတင်ကာကွယ်ရေးနှင့်သဘာဝဘေးဖြစ်ပေါ်လာပါက အသုံးပြုရန်မိုးကာစ၊ လက်ကိုင်စပီကာ၊ ကြိုး၊ လုပ်သားဆောင်း ဦးထုပ်များ၊ အသက်ကယ်အင်္ကျီ၊ လက်ကမ်းစာစောင် ၅ မျိုး၊ သဘာဝဘေးအသိပညာပေး ပိုစတာများကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးမြမင်းဆွေ၊ ခရိုင်သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့အတွင်းရေးမှူး ဒေါ်ခင်သန္တာရွှေ၊ အဖွဲ့ဝင် ဦးဇော်ဌေးအောင်၊ ဦးနေဝင်းနှင့် တာဝန်ရှိသူများက ကျေးရွာများမှ တက်ရောက်လာသော သင်တန်းသားများထံ ပေးအပ်သည်။
ထို့နောက် သင်တန်းသား သင်တန်းသူများ ကိုယ်စား ဘွက်ကုန်းကျေးရွာမှ ဦးကျော်ငြိမ်း ကကျေးဇူးတင်စကား ပြောကြားသည်။
အဆိုပါ သင်တန်းကို အောက်တိုဘာလ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ သုံးရက်ကြာ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား/သူ (၃၉)ဦး တက်ရောက် ကြသည်။
ကရုဏာ လူမှုစည်းလုံးညီညွတ်ရေးအသင်းအနေဖြင့် ပခုက္ကူမြို့နယ်တွင် သဘာဝဘေးအန္တ ရာယ်ဖြစ်ပွားနိုင်ခြေ များပြားသော ဧရာဝတီမြစ်ရေ ဝင်ရောက်သည့်ကျေးရွာ (၁၃)ရွာကို ရွေးချယ်၍ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပူးပေါင်းပြီးသင်တန်း ပို့ချခြင်း ဖြစ်ကြောင်း သိရသည်။
ကိုဇော်(ဓာတု)


