ပခုက္ကူ ၁၃ ဒီဇင်ဘာ
၂၀၁၉-ခုနှစ်၊ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းခရိုင်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းကို ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ဒီဇင်ဘာလ ၁၁ ရက်မှ စတင်ကာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ထိုသင်တန်းကို ပြည်သူ့အင်အားဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ပခုက္ကူခရိုင် ဦးစီးမှူးရုံးမှ ကြီးမှူးဖွင့်လှစ်ခြင်းဖြစ်ပြီး ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူ၊ရေစကြို၊ မြိုင်၊ပေါက်၊ ဆိပ်ဖြူမြို့နယ်များမှ စာရင်းစစ်(ဘွဲ့ရ)၊ စာရင်း ကောက်(ဘွဲ့ရ၊တက္ကသိုလ်ဝင်စာမေးပွဲအောင်) သင်တန်းသား/သင်တန်းသူ (၅၆)ဦးတို့အား လူဦးရေဆိုင်ရာအချက်အလက်များ၊ ပြည်တွင်း /ပြည်ပရွှေ့ပြောင်းသွားလာခြင်း၊ ပညာရေး၊ လုပ်သားအင်အား၊ ကလေးမွေးဖွားမှု၊ မသန်စွမ်းမှု၊ သက်ကြီးရွယ်အို၊ အိမ်ထောင်စု၊ ပါဝင်လှုပ်ရှားမှု၊ အထောက်အပံ့ရရှိမှုနှင့်ဘဝပျော်ရွှင်မှု၊ ရေပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး၊ သေဆုံးမှုနှင့် ကိုယ်ဝန်ဆောင်မိခင်သေဆုံးမှု စသည့်အကြောင်းအရာများနှင့်ပတ်သက်သည့် ၂၀၁၉-ခုနှစ်၊ ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း ခရိုင်အဆင့်စာရင်းစစ်၊စာရင်းကောက်သင်တန်း ဘသာရပ်များနှင့် မေးခွန်းမေးမြန်းနည်းပေါင်း (၁၁၀) ကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မြင့်ဦးနှင့် နေပြည်တော်တွင် ပြည်သူ့အင်အားဦးစီးဌာနမှ ဖွင့်လှစ်သော အဆိုပါသင်တန်းဆင်း အရပ်သားနည်းပြ ဦးအာကျော်နှင့် ဒေါ်သန္တာအောင်တို့က ဒီဇင်ဘာလ (၁၅)အထိ စာတွေ့၊ လက်တွေ့ စနစ်တကျ သင်ကြားပို့ချသွားမည်ဖြစ်သည်။
၂၀၂၄-ခုနှစ်တွင် သန်းခေါင်စာရင်းအချက်အလက်များမရရှိမီ ၂၀၁၄ခုနှစ်နှင့် ၂၀၂၄ ခုနှစ်ကြားကာလရှိ မြန်မာနိုင်ငံ၏ လူဦးရေနှင့်လူမှုစီးပွားရေးဆိုင်ရာစာရင်းအင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီအနီးစပ်ဆုံး မှန်ကန်စွာ ခန့်မှန်းနိုင်ရန်၊ ၂၀၁၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအချက်အလက်များ၏ ပြောင်းလဲမှုများ၏ နှိုင်းယှဉ်လေ့လာသုတေသနပြုနိုင်ရန်၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan- MSDP) ကိုအကောင်အထည်ဖော်ရာတွင် လိုအပ်သောအညွှန်းကိန်းများ ရရှိနိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း။
သင်တန်းသား/သင်တန်းသူများအနေဖြင့် သင်တန်းပြီးဆုံးပါက သန်းခေါင်စာရင်းကောက်ယူခြင်းဖြင့် နိုင်ငံတော်အတွက် အရေးကြီးသည့်အချက်အလက်များရရှိပြီး လိုအပ်သည့်စီမံကိန်းများချမှတ်ရာတွင် များစွာအထောက်အကူပြုသည်ကို သိရှိနားလည်ခြင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းနှင့်ပတ်သက်သော ဗဟုသုတများရရှိခြင်း၊ ကွန်ပျူတာအထောက်အကူပြု လူတစ်ဦးချင်းမေးမြန်းကောက်ယူသည့်စနစ် (Computer Assisted Personal Interviewing –CAPI) ကက်ပီစနစ် (မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အသုံးပြုခြင်း) ကို နားလည်တတ်ကျွမ်းလုပ်ဆောင်နိုင်ခြင်း၊ ပြည်သူများနှင့် ပြောဆိုဆက်ဆံမှုအသိပညာများရရှိခြင်းစသည့် အကျိုးကျေးဇူးများရရှိမည် ဖြစ်ကြောင်း။
၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂) ရက်နေ့မှ (၁၅) ရက်အထိ သက်ဆိုင်ရာမြို့နယ်များတွင် ၂၀၁၉ခုနှစ်၊ ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းကောက်ယူခြင်းကို နမူနာကျသည့် စာရင်းကောက်ကွက်များရှိ အိမ်ထောင်စု(၃၅)စုစီကို Mobile Tablet အသုံးပြု၍ CAPI (ကက်ပီ)နည်းပညာဖြင့် ကောက်ယူသွားမည်ဖြစ်ပြီး ပခုက္ကူမြို့နယ်တွင် (၂၃)ရပ်ကွက်၊ ရေစကြိုမြို့နယ်တွင် (၁၆)ရပ်ကွက်၊ မြိုင်မြို့နယ်တွင် (၁၉)ရပ်ကွက်၊ ပေါက်မြို့ နယ်တွင်(၁၃)ရပ်ကွက်၊ ဆိပ်ဖြူမြို့နယ်တွင် (၈)ရပ်ကွက် စသည့် ပခုက္ကူခရိုင်ပေါင်း (၇၈)ရပ်ကွက်တွင်လည်း သန်းခေါင်စာရင်း ကောက်ယူသွားမည်ဖြစ်ကြောင်း၊ ထိုသန်းခေါင်စာရင်းကောက်ယူရာတွင် ပခုက္ကူမြို့နယ်၌ စာရင်းစစ်/စာရင်းကောက် (၁၅)ဦး၊ ရေစကြိုမြို့နယ်၌ စာရင်းစစ်/စာရင်းကောက် (၁၀)ဦး၊ မြိုင်မြို့နယ်၌ စာရင်းစစ်/စာရင်းကောက် (၁၂)ဦး၊ပေါက်မြို့နယ်၌ စာရင်းစစ်/စာရင်းကောက် (၈)ဦး၊ ဆိပ်ဖြူမြို့နယ်၌ စာရင်းစစ်/စာရင်းကောက် (၅)ဦးဖြင့် လုပ်ငန်းများအားအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ သိရသည်။
ဆလိုင်းကိုကီး