ပခုက္ကူ ၁၆ မေ
ပခုက္ကူတက္ကသိုလ်၊ ရူပဗေဒဌာနမှ ဆရာ/ဆရာမများနှင့်ကျောင်းသား/ကျောင်းသူများ စုပေါင်း၍ အလိုအလျောက် လက်သန့်ဆေးရသော (Automatic Hand Sanitizer Dispenser) စက်ပစ္စည်းများ ဖန်တီးပြုလုပ်ကြပြီး ပခုက္ကူမြို့ လိုအပ်သည့်နေရာများတွင် လှူဒါန်းကြသည်။
ကိုဗစ်-၁၉ရောဂါဖြစ်ပွားသည့် ကာလများတွင် ပြည်သူ့ဆေးရုံများ၊ Quarantine Center နေရာများနှင့်အများပြည်သူ ဝင် ထွက်သွားလာမှုများသည့် ဌာနဆိုင်ရာရုံးများ၌ Hand Gel (လက်သန့်ဆေးရည်)ကို အသုံးပြုရာတွင် ပိုမိုထိရောက်လွယ်ကူ စေမည့် (Automatic Hand Sanitizer Dispenser) ဟုခေါ်သော လျှပ်စစ်ဓာတ်အားသုံး အလင်းထိန်းစနစ်ဖြင့် အလိုအလျောက် ရေကျ လက်သန့်ဆေးနိုင်သည့် စက်ပစ္စည်းများကို ဖန်တီးထားခြင်းဖြစ်သည်။ ပခုက္ကူတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ကြသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုပေါင်းလှူဒါန်းသည့် အလှူငွေများဖြင့် ဖန်တီးပြုလုပ်ထားသော ထိုစက်ပစ္စည်းများကို ပခုက္ကူပြည်သူ့ဆေးရုံ၊ ပြင်ဦးလွင်ပြည်သူ့ဆေးရုံတို့တွင် လှူဒါန်းထားပြီး ပခုက္ကူမြို့ပေါ်ရှိ Quarantine Center အပါအဝင် ကလေးပြည်သူ့ဆေးရုံ၊ ကျောက်ထုဆေးရုံ၊ ရေစကြိုဆေးရုံများသို့ ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစက်ပစ္စည်းများကို လျှပ်စစ်မီးမှ တိုက်ရိုက်သွယ်တန်းခြင်းဖြင့် လည်းကောင်း၊ ဖုန်းအားသွင်း (Power Bank)မှ သွယ်တန်းခြင်းဖြင့် လည်းကောင်း ရယူအသုံးပြုနိုင်ပြီး နေရောင်၏အလင်းအမှောင် ပေါ်မူတည်၍ ချိန်ညှိကာ အလိုအလျောက် ရေကျစနစ်ဖြင့် လက်သန့်ဆေးရည် ဆေးကြောနိုင်မည် ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလများတွင် ဌာနမှ လက်သန့်ဆေးရည်များကို လည်း ဖန်တီးပြုလုပ်ထားပြီး လိုအပ်သည့်နေရာများတွင် လှူဒါန်းခဲ့ကြောင်း၊ ကိုယ်ပိုင်လုပ်ငန်းအဖြစ် ဖန်တီးပြုလုပ်လိုသည့် ပြည်သူများအား နည်းပညာပိုင်းဆိုင်ရာကူညီပေးခြင်းနှင့် ဝယ်ယူလိုသည့် ပြည်သူများအား ရောင်းချပေး ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပခုက္ကူတက္ကသိုလ်၊ ရူပဗေဒ ဌာနမှ အထိက ဒေါက်တာဖြိုးကိုကိုငြိမ်းက ပြောပြသည်။
ဆလိုင်းကိုကီး


