ပခုက္ကူ ၂၁ ဖေဖော်ဝါရီ
ပခုက္ကူတက္ကသိုလ်၏ ၂၀၁၉-၂၀၂၀-ပညာသင်နှစ် (၁၉)နှစ်မြောက် တက္ကသိုလ်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ဘာသာရပ်ဆိုင်ရာ ဝိဇ္ဇာနှင့်သိပ္ပံ သုတေသနစာတမ်းများ ဖတ်ပွဲကို ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၉ နာရီအချိန်က အဆိုပါတက္က သိုလ်၊ လေးထပ်ဆောင်၊ ဘက်စုံခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပခုက္ကူတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသက်လွင်က “ပညာခေတ်၏စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်သော လူ့ဘောင်အဖွဲ့အစည်းများအတွက် ပညာရေးစနစ်တစ်ခုဖြစ်ထွန်းစေရေး၊ ပညာရပ်ဆိုင်ရာသုတေသနလုပ်ငန်းများ ဆောင်ရွက်ရာ တွင် ပြည်တွင်း၊ပြည်ပ တက္ကသိုလ်များ၊ အဖွဲ့အစည်းများနှင့်ချိတ်ဆက် ဆောင်ရွက်ပြီး နိုင်ငံနှင့်ဒေသအကျိုးပြုသုတေသနလုပ်ငန်း များ ဖြစ်ရေးတို့အတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ပြီး နိုင်ငံတစ်နိုင်ငံ၏ လူမှုစီးပွားဘဝနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အရည်အချင်းပြည့်ဝသော လူသားအရင်းအမြစ်များမွေးထုတ်ပေးနေသည့် အဆင့်မြင့်ပညာရေးကဏ္ဍ၏ သုတေသနလုပ်ငန်း သည် အရေးကြီးကြောင်း၊ သုတေသနလုပ်ငန်းသည် အသစ်အဆန်းအတွက် “အစ”ဖြစ်ပြီး ပြည်သူလူထုများ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်မှုနှင့် ဒေသအကျိုးများကို အထောက်အကူပြုနိုင်သော အသုံးချသုတေသနကောင်းများ ပေါ်ထွက်ရန်လိုအပ်ကြောင်း၊ ပခုက္ကတက္ကသိုလ်တွင် International Research and Education Network (IERN)နှင့် ချိတ်ဆက်၍ Myanmar Research and Education Network တည်ထောင်ရန် ပါမောက္ခချုပ်ကော်မတီမှ ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း”တို့ဖြင့် ပြောကြားသည်။
ထို့နောက် ပခုက္ကူတက္ကသိုလ်၊ အဂ်လိပ်စာဌာနမှ ပါမောက္ခ(ဌာနမှူး) ၊ Ethical Research Committee(ERC) ဥက္ကဌ ဒေါက်တာအောင်ဆန်းဦးက စာတမ်းဖတ်ပွဲ ကျင်းပနိုင်ရေစီစဉ်ဆောင်ရွက်ခဲ့မှုများနှင့် ဘာသာရပ်များအလိုက် ဖတ်ကြားမည့် အချိန်၊နေရာများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပခုက္ကူတက္ကသိုလ်၊ ဝိဇ္ဇာဘာသာရပ်များ၏ သုတေသနစာတမ်း (၁၇)စောင်ကို ဘက်စုံခန်းမ၌လည်း ကောင်း၊ သိပ္ပံဘာသာရပ်များ၏ သုတေသနစာတမ်း(၂၀)စောင်ကို Theatre(306) ခန်းမ၌လည်းကောင်း စုစုပေါင်း ဝိဇ္ဇာနှင့် သိပ္ပံဘာသာရပ်ဆိုင်ရာ စာတမ်းပေါင်း(၃၇)စောင် ဖတ်ကြားကြပြီး တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသက်လွင်၊ ဘာသာရပ် ဆိုင်ရာပါမောက္ခ(ဌာနမှူးများ)၊ စာတမ်းရှင်ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
ဆလိုင်းကိုကီး


