ပခုက္ကူ  ၁၃ ဇန်နဝါရီ

 

မကွေးတိုင်းဒေသကြီး၊ ပျားလုပ်ငန်းဌာနနှင့် ပခုက္ကူတက္ကသိုလ်၊ သတ္တဗေဒဌာနတို့ပူးပေါင်း၍ မကွေးတိုင်း ဒေသကြီး အထောက်အကူပြု အခြေခံပျားမွေးမြူရေး သင်တန်းအမှတ်စဉ် (၂)ဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါ တက္ကသိုလ်၊ လေးထပ်ဆောင်(M-306)ခန်းမ၌ ကျင်းပသည်။

 

852

 

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်ကိုနှင့် ပခုက္ကူတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသက်လွင်တို့က အမှာစကား ပြောကြားကြပြီး မကွေးတိုင်းဒေသကြီး၊ ပျားလုပ်ငန်း ဌာနဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်က ပျားမွေးမြူရေး လုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

 

8523

 

ထို့နောက် ပခုက္ကူတက္ကသိုလ်၊ သတ္တဗေဒဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာထွေးထွေးက “ယခု အခြေခံ ပျားမွေးမြူရေး သင်တန်းကို ဒုတိယအကြိမ်အဖြစ် ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး လက်ရှိ တက္ကသိုလ် ပညာရပ်တွင် သင်ကြားနေသည့် Module No-3113 နှင့် Module Name-Entomology များသင်ကြားရာတွင် ပိုမိုထိရောက် နားလည်စွာသင်ယူနိုင်စေရန်၊ ကျောင်းသား ကျောင်းသူများ အနေဖြင့် လုပ်ငန်းခွင်နယ်ပယ် အသီးသီးတွင် အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်စေရန်နှင့် ထိုအလုပ်အကိုင် အခွင့်အလမ်းများအပေါ် ကျွမ်းကျင်တတ်မြောက်ပြီး တက်ကြွစွာ ပါဝင်လုပ်ကိုင်နိုင်စေရန်အတွက်  ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားသည်။

 

အဆိုပါ သင်တန်းတွင် ပခုက္ကူတက္ကသိုလ်၊ သတ္တဗေဒဌာနမှ ကျောင်းသား ကျောင်းသူ ၃၃၀  ဦးကျော် တက်ရောက် သင်ကြားမည်ဖြစ်ပြီး ပျားမွေးမြူရေး ပညာရှင်များက ပျားမွေးမြူရေးအကြောင်း သိကောင်းစရာများ၊ ပျားတို့၏ ဇီဝဗေဒအကြောင်း၊ ပျားအုံများအား ကိုင်တွယ်ထိန်းသိမ်းနည်း၊ ပျားရုက္ခဗေဒနှင့် ပျားတို့၏အရောင်၊ အနံ့အရသာ ခံစားမှုအကြောင်းများ၊ ပျားမွေးမြူခြင်း၏ အတွေ့အကြုံများနှင့် စီးပွားဖြစ်ရရှိမည့် အကျိုးကျေးဇူးအကြောင်းတို့ကို  ဇန်နဝါရီ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် စာတွေ့စနစ်တကျ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

 

8520

 

ထို့ပြင် ဇန်နဝါရီ ၁၅ ရက်တွင် ပခုက္ကူတက္ကသိုလ် ကျောင်းဝန်းအတွင်း မွေးမြူထားသည့် ပျားအုံ၊ ပျားဘုရင်မ၊ လုပ်သားပျားများ၊ ပျားထီးများအကြောင်း၊ ပျားအုံတစ်အုံတွင် ထားရှိသင့်သည့် ပျားချပ်များနှင့် ပျားအမျိုးအစားများအလိုက် သက်တမ်းများကို လက်တွေ့ကွင်းဆင်း ရှင်းလင်း သင်ကြားပြသပေးသွားမည် ဖြစ်သည်။

 

အဆိုပါ အခြေခံ ပျားမွေးမြူရေးသင်တန်းကို  ပျားမွေးမြူ ရေးလုပ်ငန်းသည် အမှန်တကယ် အကျိုးရှိကြောင်း သိရှိစေရန်၊ နှင့် ပျားမွေးမြူရေးလုပ်ငန်းကို ခေတ်မှီနည်းကျ မွေးမြူရေးနည်းစနစ်ဖြင့် မွေးမြူခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိစေမည့် လုပ်ငန်းတစ်ရပ်အဖြစ် နားလည်သဘောပေါက်စေရန် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

 

ဆလိုင်းကိုကီး