ပခုက္ကူ ၁၉  မတ်

 

ပခုက္ကူ ဦးအုံးဖေစာကြည့်တိုက်သို့ စာပေဒါနအဖြစ် အလှူငွေကျပ်သိန်း(၁၀)သိန်းကို  မတ်လ ၁၉ရက် နံနက် ၁၁ နာရီခွဲ အချိန်က ပေးအပ်လှူဒါန်းသည်။

 

ရန်ကုန်မြို့၊ FAME Pharmaceuticals Industry Co.ltd မှ ဒေါက်တာခင်မောင်လွင်နှင့်ဇနီး ဒေါက်တာ ခင်ခင်ဌေးတို့မှ ပခုက္ကူမြို့နေ ပြည်သူလူထုများ အသိပညာဗဟုသုတ ပိုမိုတိုးပွားလာပြီး အသိဉာဏ်ပညာများ ထက်သန်လာစေရန်၊ စာပေချစ်မြတ်နိုးစိတ်များ ဖြစ်ပေါ်လာစေရန်၊ ရင့်ကျက်ခိုင်မာသော အတွေးအမြင်များ ပြန့်ပွားလာစေရန်တို့ဖြင့် စာပေမျိုးစေ့ချပေးလိုသော စိတ်ဖြင့် လှူဒါန်းရခြင်းဖြစ်ကြောင်း ပြောကြားပြီး အလှူငွေကျပ်သိန်း(၁၀)သိန်းကို ပေးအပ်လှူဒါန်းရာ ပခုက္ကူဦးအုံးဖေစာကြည့် တိုက်ကြီးကြပ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ အလုပ်အမှုဆောင်အဖွဲ့ နာယက ၊ ခရိုင်ပြန်/ဆက်ဦးစီးမှူး ဦးဇော်ဌေးအောင်၊ စာကြည့်တိုက် ကြီးကြပ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဌ ဦးတင့်ဆွေ၊ အမျိုးသားစာပေဆုရှင် စာရေးဆရာ ဒေါက်တာသက်လွင်၊ စာကြည့်တိုက် ကြီးကြပ်ရေးနှင့်အုပ်ချုပ်မှုဆိုင်ရာ အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး၊ စာကြည့်တိုက် မှူးနှင့် အဖွဲ့ဝင်(စာရေးဆရာ)များက လက်ခံရယူကာ ဂုဏ်ပြုလွှာပြန်လည်ပေးအပ်ကြသည်။

 

ထို့နောက် ပခုက္ကူဦးအုံးဖေစာကြည့်တိုက် ကြီးကြပ်ရေးနှင့်အုပ်ချုပ်မှုဆိုင်ရာ အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဌ ဦးတင့်ဆွေ နှင့် တာဝန်ရှိသူများက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။ 

 

ဆလိုင်းကိုကီး