နိမ့်ကျနေသည့် နိုင်ငံတစ်ခုအဖြစ်မှသည် ဖွံ့ဖြိုးတိုးတက်မှု လမ်းပေါ်သို့ တက်ရောက်ကာ အောင်မြင်မှု ရှာမည်ဆိုလျှင် အရေးကြီးဆုံးသော ခြေလှမ်းတစ်ခုမှာ လက်ရှိဘဝနှင့် ပကတိအခြေအနေမှန် သို့မဟုတ် အမှန်တရားကို တည့်တည့် ကြည့်မြင်ရင်ဆိုင်ခြင်းဖြစ်ပါသည်။ မိမိ၏ လက်ငင်းဘဝကို မြင်သိအောင် ရဲရဲကြည့်မှသာ မြင်နိုင်လိမ့် မည်ဖြစ်ပါသည်။

 

နိုင်ငံမှာ ဘာတွေအမှားအယွင်းဖြစ်ခဲ့ပြီလဲဆိုသည်ကို ရဲရဲရင်ဆိုင်ကာ သင်ခန်းစာယူတတ်မှ ရှေ့ကို ဘယ်လိုပြင်ဆင်ကြ ရမည်ဆိုသည်ကို ဆုံးဖြတ်ကာ စီမံဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ လက်ငင်းအခြေ အနေများကို သုံးသပ်ရာတွင်လည်း မည်သည်တို့က အမှန်တကယ် ယိုယွင်းနေပြီ၊ မည်သည့်အစိတ် အပိုင်းတို့ကို မဖြစ်မနေလဲရမည်၊ မည်သည့်အစဉ်အလာ လုပ်ဆောင်နေမှုလုပ်နည်းလုပ်ပုံများက မည်မျှလောက်လွဲနေပြီ စသည်ဖြင့် စူးစူးစိုက်စိုက်လေ့လာကာ ရဲရဲတင်းတင်း ရှုမြင်ကြဖို့လိုသည်ဟု ယူဆပါသည်။

 

နိုင်ငံတိုးတက်မှု ဆုတ်ယုတ်သွားခဲ့ရသည့် အကြောင်းရပ်များထဲတွင် ပကတိအခြေအနေကို ရှောင်လွှဲ လိုကြခြင်းက အရေးကြီးသည့် နေရာကပါခဲ့သည်ဟု မြင်ပါသည်။ စပါးအထွက်နှုန်းက အလွန်အကျွံ ကျဆင်းနေသည့်တိုင် အစိုးရခေါင်းဆောင်များ ကိုယ်တိုင်က စပါးအထွက်နှုန်းကျဆင်းသည်ကို မကြားချင်၊ စီးပွားရေးတိုးတက်မှုက တစ်နေ့တခြား ဆုတ်ယုတ်နေသည်ကို ဆုတ်ယုတ်နေမှန်းသိသည့်တိုင် ဆုတ်ယုတ် နေသည်ဟု ရင်မဆိုင်ချင်၊ အစိုးရ၏ အပြစ်တစ်စုံတစ်ရာ မပါဝင်သော ရာသီဥတု ဆိုးရွားနေမှု၊ လေဘေး၊ ရေဘေးစသည့် သဘာဝဘေးများ ကြုံတွေ့နေရသည်ကိုပင် ဘယ်လိုဆိုးရွားမှုမျိုးကို တွေ့ကြုံ မနေရလေသည့်နှယ် ပုံဖမ်းနေချင် စသည်ဖြင့် အမှန်တရားကို ရှောင်လွှဲကာ ဟန်ဆောင်နေခဲ့ကြ၏။

 

ဤသို့သော အဖြစ်အပျက်တို့က မည်သို့သော ကောင်းကျိုးကိုမှ ဖန်တီးမပေးနိုင်ခဲ့ပါ။ ကြုံတွေ့နေရသည့် အခက်အခဲဆုံးရှုံးမှု တို့ကို ရဲရဲရင်မဆိုင်ခဲ့သည့်အတွက် ဘယ်တော့မှ ပြင်ဆင်ခွင့်မရခဲ့။ ဘယ်တော့မှ ပြင်ဆင်ရန် အကြံဉာဏ်ရယူခြင်းမရှိခဲ့။ နားလည်ကျွမ်းကျင်သူများက အကြံဉာဏ်ပေးနိုင်ခဲ့ခြင်းလည်းမရှိခဲ့။

 

ထိုထိုသော ပကတိတရားကို ရှောင်လွှဲမှုတို့က နိုင်ငံဖွံ့ဖြိုး တိုးတက်မှု နှေးကွေးလေးလံသွားခြင်း၊ ဆင်းရဲတွင်းထဲသို့ နက်သည်ထက်နက်ခဲ့ခြင်း တို့ကိုသာ ဖြစ်စေခဲ့သည်ကို ဆယ်စုနှစ်များစွာ ကြုံတွေ့ခဲ့ကြရပြီး ဖြစ်ပေသည်။

 

အထက်ပါ ဖြစ်စဉ်တို့ကိုရှောင်လွှဲနိုင်ရန်မှာ နိုင်ငံကို ဦးဆောင်မှုပေး သူတို့၏ ရင့်ကျက်မှု၊ အမြော်အမြင် ကြီးမားမှုတို့ပေါ်တွင် ရပ်တည်ကာ နယ်ပယ်အသီးသီးတွင် တည်ဆောက်ကြရန်လိုအပ်ပါမည်။ အုပ်ချုပ်ရေး ကဏ္ဍတွင်ဖြစ်စေ၊ ဥပဒေပြုရေး တွင်ဖြစ်စေ၊ တရားစီရင်ရေးတွင်ဖြစ်စေ ဌာနအဆင့်ဆင့်တွင် ဘာတွေ ချို့ယွင်းကာ ဘာတွေလိုအပ်နေသည်၊ ဘာတွေမှာ စီမံခန့်ခွဲမှု အလွဲများဖြစ်နေသည်၊ ဘာတွေကို အသေးစိတ်ပြင်ဆင်ရန်လိုမည်ဆိုသည်တို့ကို အမှန်အတိုင်း ဝေဖန်ဆန်းစစ်နိုင်ရေးက အရေးကြီးပါသည်။ အကောင်အထည်ဖော်လုပ် ငန်းများကို မဖြစ်မနေလုပ်နေကြရင်း ပြန်လည်ဆန်းစစ်ရေးလုပ်ငန်းများ ကိုလည်း မဖြစ်မနေလုပ်နေကြရန် လိုအပ်ပါမည်။

 

အများပြည်သူ၏ အသံ၊ ဝေဖန်ချက်များကို နားထောင်ကြရင်း၊ ဝေဖန်အကြံပြုချက်များကို လက်ခံစိစစ်ရင်း ချို့ယွင်းချက်၊ အားနည်းချက် များကို ရဲရဲတင်းတင်း ဆန်းစစ်လက်ခံခြင်းက အနာဂတ်ကို မှန်မှန် ကန်ကန်ဖြင့် အောင်မြင်အောင် တည်ဆောက်နိုင်မည်ဟု ယုံကြည်မိ ပါကြောင်း။ ။

 

mna