၁၈ ဒီဇင်ဘာ
ပုသိမ်မြို့၏ စီမံကိန်းတစ်ခုဖြစ်သော Platinum Pathein စီမံကိန်း အဆင့် ၂ တွင် ပါဝင်သည့် တန်ဖိုးသင့် အဆင့်မြင့်အိမ်ရာစီမံကိန်းကို လာမည့်နှစ်မတ်လတွင် စတင်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း FORTUMAX ကုမ္ပဏီမှ Business Development Director Daw Win Lei Lei Kyi က ပြောသည်။
အဆိုပါ စီမံကိန်းကို အဆင့် ၁ ၊ အဆင့် ၂ ဟူ၍ နှစ်ပိုင်းခွဲ တည်ဆောက်လျက်ရှိပြီး Phase 1 တွင် လုံးချင်းလူနေအိမ် (Villa) နှင့် Plaza တို့ကို တည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ထို့ပြင် လာမည့် ၂၀၂၀ ခုနှစ် မတ်လတွင် စတင်ဖော်ဆောင်မည့် Phase 2 တွင်လည်း အဆင့်မြင့်ဟိုတယ်၊ စားသောက်ဆိုင်များနှင့် အပန်းဖြေပန်းခြံများအပြင် သုံးခန်းတွဲ သုံးထပ်တိုက်၊ လေးခန်းတွဲ လေးထပ်တိုက်နှင့် တန်ဖိုးသင့် အဆင့်မြင့်အိမ်ရာစီမံကိန်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
"ပုသိမ်မြို့ရဲ့ လူနေမှုအဆင့်အတန်း မြင့်မားစေရန်ရည်ရွယ်ပြီး အခမ်းအနားတွေနဲ့ စည်ကားသိုက်မြိုက်တဲ့ ပတ်ဝန်းကျင် ကောင်းလေးတစ်ခု ဖြစ်စေဖို့ Platinum Pathein စီမံကိန်းက ရည်ရွယ်ထားပါတယ်။ ရန်ကုန်မှာ ကျင်းပနေကျဖြစ်တဲ့ ရာသီအလိုက် ဖျော်ဖြေရေးပွဲတော်တွေနဲ့ မိသားစုအပန်းဖြေဖို့ နေရာကောင်းလေးတွေ ဖန်တီးပေးမယ့် ပရောဂျက်တစ်ခုအနေနဲ့ အသစ်တဖန် ပြန်လည်မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပရောဂျက်အတွင်းမှာ ထည့်သွင်းတည်ဆောက်မယ့် စျေးဝယ်စင်တာနဲ့ ကြယ်သုံးပွင့်အဆင့်ရှိတဲ့ ဟိုတယ်တွေ ပါဝင်တဲ့အတွက်ကြောင့် လူနေမှုအဆင့်တန်းကို မြှင့်တင်ပေးရာရောက်သလို အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ စီးပွားရေးအတွက် အဆင်ပြေလွယ်ကူစေမယ့် ပတ်ဝန်းကျင်ကောင်းတစ်ခု ဖြစ်လာတော့မှာ ဧကန်မလွဲပါ"ဟု Daw Win Lei Lei Kyi က ပြောသည်။
အဆိုပါ စီမံကိန်းကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး ရန်ကုန် - ပုသိမ် - ချောင်းသာ - ငွေဆောင် လမ်းမကြီးပေါ်တွင် တည်ရှိကာ မြေဧက အကျယ် ၁၅ ဒသမ ၂၈ ဧက ပေါ်တွင် အကောင်အထည်ဖော် တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြေယာပိုင်ဆိုင်မှုနှင့် ပတ်သက်၍လည်း လယ်ယာမြေကို အခြားနည်းသုံးစွဲပိုင်ခွင့် ရရှိထားပြီး အမည်ပေါက် ကိုယ်ပိုင်ဂရန်အနေဖြင့် နှစ် ၃၀ ရရှိမည်ဖြစ်ကာ နောက်ထပ် နှစ် ၃၀ သက်တမ်း ထပ်တိုးလုပ်ဆောင်နိုင်ကြောင်း သိရသည်။
"လက်ရှိမှာ Phase 1 ကိုတော့ ၁၀၀ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးပြီလို့ ပြောလို့ရပါတယ်။ မြေယာပိုင်ဆိုင်မှုအနေနဲ့ ဧရာဝတီတိုင်းဒေသကြီးမှာ ဖော်ဆောင်လျက်ရှိတဲ့ အခြားစီမံကိန်းတွေအတိုင်း လယ်ယာမြေကို အခြားသုံးစွဲပိုင်ခွင့် လယ ၃၀၊ ၁၀၅- ၁၀၆ ရရှိထားတယ်။ တစ်ဦးတည်း နာမည်ပေါက်နဲ့ ဆောင်ရွက်ခွင့် ရရှိပြီးတဲ့ စီမံကိန်းဖြစ်ပါတယ်"ဟု MYA BAY Development ကုမ္ပဏီမှ Admin Executive Nang Si Monn Tip က ပြောသည်။
အဆိုပါ Platinum Pathein စီမံကိန်းကို ၂၀၁၅ ခုနှစ် အစောပိုင်းထဲက စတင်၍ အကောင်အထည်ဖော် တည်ဆောက်နေခြင်းဖြစ်ပြီး လာမည့် ၂၀၂၃ ခုနှစ် အစောပိုင်းတွင် စီမံကိန်းတစ်ခုလုံး ပြီးစီးရန် မျှော်မှန်းထားကြောင်း သိရသည်။
ငြိမ်းငြိမ်း