ပုလော ၁၀ မတ်
တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာထူးနေအောင်နှင့် အဖွဲ့သည် ပုလောမြို့နယ် တည်ဆောက်ရေးလုပ်ငန်း ကြီးကြပ်အဖွဲ့၊ ပိုးပြည်လျှံကုမ္ပဏီနှင့် မတ် ၈ ရက် နံနက် ၉ နာရီက ပလောက်မြို့ အုပ်ချုပ်ရေးမှူးရုံးခန်းတွင် တွေ့ဆုံပြီး အဆိုပါကုမ္ပဏီမှ ဆောင်ရွက်ထားရှိသည့် ပလောက်အနောက် အ.မ.က(မူလွန်)ကျောင်းတွင် အန္တရာယ်ရှိ ကျောင်းဆောင်အား ဖျက်သိမ်း၍ (၁၂၀ x ၃၀) ပေ RC (၁) ထပ် အသစ်ဆောက်လုပ်ပြီးစီးမှု အခြေအနေအား ကွင်းဆင်းကြည်ရှု စစ်ဆေးခဲ့ကြသည်။
ယင်းနောက် ဒေါက်တာထူးနေအောင်နှင့် အဖွဲ့သည် ပုလောမြို့နယ် တည်ဆောက်ရေးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ ကုမ္ပဏီလုပ်ငန်းရှင်များနှင့် ပုလောမြို့နယ်၊ မကျည်းကုန်းကျေးရွာ၊ မြို့နယ်ခန်းမ၌ တွေဆုံကာ ကော်မတီဝင်များနှင့် မိတ်ဆက်ခြင်း၊ တက်ရောက်လာသူများမှ တင်ပြခြင်းများအပေါ် ပြန်လည်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ယင်းနောက် ပုလောမြို့နယ် ပြည်သူဆေးရုံ၌ ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာရေးနှစ်တွင် အဆောက်အဦ အထူးအဖွဲ့ (၁၆)မှ ဆောင်ရွက်ထားရှိသည့် ဆရာဝန်ကြီး နေအိမ် (၁)လုံး၊ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ် ပိုးပြည်လျှံကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိသော ပုလောမြို့နယ် ပြည်သူ့ဆေးရုံ (၄)ခန်းတွဲ (၄)ထပ် ဝန်ထမ်းအိမ်ရာ (၁)လုံး၊ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် ပုလောအလင်းရောင်ကုမ္ပဏီမှ ဆောင်ရွက်ထားရှိသည့် ပုလောမြို့၊ အ.ထ.က(ပုလော)၌ ပတ္တမြားအဆောင် အမိုးပြုပြင်ခြင်း၊ ရေတံလျှောက် ပြုပြင်ခြင်းလုပ်ငန်းများ၊ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် အကောင်းဆုံးအမေ့အိမ် ကုမ္ပဏီမှ ဆောင်ရွက်ထားသည့် လက္ကူးကျေးရွာ၊ အ.ထ.က (ခွဲ)လက္ကူးတွင် အန္တရာယ်ရှိ ကျောင်းဆောင်အား ဖျက်သိမ်း၍ ပေ (၉၀ x ၃၀) RC (၁)ထပ် အသစ်ဆောက်လုပ်ခြင်းလုပ်ငန်း၊ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် တံတားအထူးအဖွဲ့ (၉)မှ ဆောင်ရွက်ထားရှိသည့် လက္ကူး-မြဒေါင်-တိုလမ်းမှ ပိတပ်ဘေလီတံတား၊ မြို့နယ်လမ်းဦးစီးဌာနမှ ဆောင်ရွက်ထားသည့် ကဒဲကျေးရွာအုပ်စု၊ ပြည်ထောင်စုလမ်းမကြီးနံဘေးရှိ ရေထွက်ကောင်းစေမည့် ပေ (၁၅ x ၂၀) ရှိသော Box Culvert (၁)စင်း၊ Diamond Hero ကုမ္ပဏီမှ ဆောင်ရွက်ထားသော အ.ထ.က(ပလ)ကျောင်းတွင် ပေ (၆၀ x ၃၀) (၃)ခန်းတွဲ ဝန်ထမ်းအိမ်ရာ (၁)ဆောင်၊ စံပြည်ဖြိုးလင်း ကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိသော အ.ထ.က(ခွဲ) ဇရပ်ဆိပ်ကျောင်းတွင် ပေ (၁၂၀ x ၃၀) RC (၁)ထပ် အသစ်တစ်လုံး ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် ဆောင်ရွက်ပြီးစီးနေသော လုပ်ငန်းများအား ကွင်းဆင်းကြည်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထူးဝေယံ(ပုလော)