၁၄ ဧပြီ
ပလောင်ဝေဿန္တရာပွဲကို ဝါတွင်းသုံးလတွင် ကျင်းပလေ့ရှိပါသည်။ ပွဲတော်ရက်ကို လပြည့်၊ လကွယ် အဖိတ်ရက်များတွင်သာ ပြုလုပ်လေ့ရှိပါသည်။
ဝေဿန္တရာပွဲပြုလုပ်တော့မည်ဆိုလျှင် ဆင်အရုပ် တစ်ထောင်၊ လူအရုပ်တစ်ထောင်၊ နွားအရုပ်တစ်ထောင်၊ ကျွဲအရုပ်တစ်ထောင်၊ မြင်း အရုပ်တစ်ထောင်နှင့် ဆင်ဖြူတော်အရုပ်ကြီးတစ်ခုတို့ကို ပြုလုပ်ကြရပါသည်။ အရုပ်တစ်မျိုးလျှင် တစ်ထောင်ပြုလုပ်ရာ တစ်ခုစီသီးသန့် မဟုတ်မူဘဲ ဆင်၊ လူ၊ မြင်း၊ ကျွဲ၊ နွား စသည်ဖြင့် ထက်အောက်စီစဉ်ကာ ရေးဆွဲပြီးစက္ကူ(သို့မဟုတ်) ပလတ်စတစ်အလွှာပေါ်တွင် တစ်ပုံစံတည်းရအောင် ကတ်ကြေးဖြင့် လည်းကောင်း၊ ဆောက်ဖြင့်လည်းကောင်း ကိုက်ညှပ်ပုံဖော်ယူကြရပါသည်။ ကုက္ကားပန်းကို ပုံဖော်နည်းနှင့် ဆင်ပါသည်။ အရုပ်လုပ်ရာတွင် တတ်ကျွမ်းသူတစ်ဦးက ခေါင်းဆောင်၊ ရပ်ရွာမှ ဝိုင်းဝန်းလုပ်ဆောင်ကြရပါသည်။ အရုပ်အားလုံးပြီးရန်ခုနစ်ရက်၊ ရှစ်ရက်ကြာတတ်ပါသည်။ ပွဲတော်ရက်အတွင်း အရုပ်အားလုံး ရေမျှောလိုက်ရပါသည်။
ဆင်ရုပ်ကိုမူ ဝါးနှင့်ဆင်ရုပ်သ္ဌာန်ဖော်ယူရသည်။ ဝါးနှီးဖြင့် ဆင်ရုပ်လုံး ဖော်ရက်ပြီးသော် ရောင်စုံစက္ကူ၊ ရှမ်းစက္ကူဖြင့် တန်ဆာဆင်ရပါသည်။ အများအားဖြင့် ဆင်ဖြူတော်အမြင့်မှာ လေးပေခန့်ရှိပြီး အရှည်မှာလည်း လေးပေခန့်ရှိတတ်ပါသည်။ ဆင်ဖြူတော်ပြုလုပ်ခ ပေးရပါသည်။ ဆင်ဖြူတော်၏အမြင့်ကို မူတည်၍ ဈေးပြောရသည်။ တစ်ပေလျှင် ကျပ် ၁၀ဝ နှုန်းယူသဖြင့် လေးပေမြင့်လျှင် ကျပ် ၄၀ဝ ပေးရပါသည်။ ဆင်ဖြူတော်ရုပ်လုပ်သူများမှာ ရွာဟောင်းမှ ဦးစံကို (၅၀) နှစ်၊ ရွာမမှ ကိုလှိုင် (၃၄)နှစ်၊ ယမ်းတွင်ရွာမှ ကိုမူး(၃၄)နှစ်တို့ ဖြစ်သည်။ ဆင်ဖြူတော်ပြုလုပ်နည်းကို သင်ကြားပေးသောဆရာရှိသည်။ သင်ခဟူ၍ အဖိုးအခပေးစရာမလိုပါ။ ဝေဿန္တရာအလှူပွဲကို ပြုလုပ်တတ်သူနှင့် ပူးတွဲဆင်ဖြူတော်ကို ဒါယကာလုပ်ရင်း ဆင်ဖြူတော်ပြုလုပ်နည်းပညာကို ပေးခြင်းဖြင့် ရယူကြပါသည်။ ဆင်ဖြူတော်ဗိသုကာဆရာများမှာ အနောက်ဘက်ရွက်ဘက်မှ ဖြစ်ပါသည်။ ထိုနယ်ဘက်တွင် ဝေဿန္တရာပွဲလုပ်ပါက ကူညီလုပ်ကိုင်ရင်းလည်း ပညာယူကြပါသည်။
ဆင်ဖြူတော်ကို ပြုလုပ်လျှင် ရွာထဲတွင် မလုပ်ရပါ။ တောထဲတွင် လုပ်ရပါသည်။ တောတွင်လုပ်မှ မြင့်မြတ်သည်ဟု ယူဆကြပါသည်။ ဆင်ဖြူတော်ပြုလုပ်ပြီးစီးသော် ရွာရှိလူကုန် တောသို့သွား၍ ဆင်ဖြူတော်ကို ပင့်ဖိတ်သယ်ဆောင်ရတော့သည်။ ဤသို့ပင့်ဖိတ်ရာတွင် ဝေဿန္တရာဇာတ်တော်ရေးထားသော ပုရပိုက်ဖြူပါရသည်။ ပုဏ္ဏားအဝတ် ဝတ်ထားသော ပုဏ္ဏားခြောက်ယောက်လည်း ပါရသည်။ ဆင်ဖြူတော်တင်ရန် ဝေါကိုလူလေးယောက်ကထမ်းလာ၍ အမျိုးသမီးများက ဗန်းထက်တွင် ပန်းပေါက်ပေါက်ထည့်ကာ လိုက်ရသည်။ ငွေစက္ကူများကပ်ထားသော ပဒေသာပင်များကို အမျိုးသမီးများက ကိုင်ရပြီး အမျိုးသားများက ပလောင်အိုးစည် အတီးအမှုတ်နှင့် လိုက်ရပါသည်။ ဆင်ဖြူတော်ရှိရာသို့ ရောက်ကြသော် ဆင်ဖြူတော်ကိုဝေါပေါ်တင်ရ၏။ ဆင်ဖြူတော်၏ ကျောဘက်တွင် ပလောင်စာနှင့်ရေးသားထားသော “ဝေဿန္တရာဇာတ်”ကိုတင်၍ အတီးအမှုတ်ဖြင့် ရွာထဲသို့ပြန်ဝင်ကာ ကျောင်းသို့သွားရပါသည်။ အမျိုးသမီးများက ပန်းပေါက်ပေါက်ကြဲကာ လိုက်ရပါ၏။ ဤသို့ ဆင်ဖြူတော်ကို ပင့်ဆောင်ရာ တွင် ရွာရှိလူကုန်လိုက်ရပါသည်။ သွားရောက်ကြိုဆိုကြသည်ကိုကြည့်ရမှ ကျေနပ်ကြသည်။ ဆင်ဖြူတော်ကို သွားကြိုရသောအချိန်မှာ အလှူနေ့ဝင်စ နံနက် ၈ နာရီတွင်ဖြစ်ပါသည်။
ဘုန်းကြီးကျောင်းကိုရောက်သည်နှင့် ကျောင်းကိုသုံးပတ်ပတ်ရပါသည်။ မုခ်လေးပါး ပုဏ္ဏားခြောက်ယောက်၊ ဆင်ဖြူတော်ရုပ်၊ ပဒေသာပင်များ၊ ပရိက္ခရာ ရှစ်ပါးကို ပွေ့ဖက်ထားသော အမျိုးသမီးများ၊ ထို့နောက်မှ ပလောင်မောင်း၊ ဆိုင်း၊ အတီး၊ အမှုတ်တို့ လိုက်ပါကြရပါသည်။ ပလောင် မောင်းဆိုင်းနှင့်တွဲဖက်ဆိုင်းကလည်း ကရင်းလိုက်ပါလေ့ရှိကြပါသည်။
ကျောင်းကို သုံးပတ်ပတ်ပြီးသော် ဆင်ဖြူတော်ရုပ်ကို ကျောင်းပေါ်သို့ပင့်ဆောင်ရပါသည်။ ဆင်ဖြူတော်ရုပ်ကို ဘုရားရှေ့တွင်ချကာ စပါး၊ ကြံ၊ ငှက်ပျောသီး၊ မုန့်အမျိုးမျိုးကို လင်ပန်းတွင်ထည့်ကာ ကျွေးမွေးပူဇော်ရ သည်။ ကျွေးမွေးပူဇော်ပြီး အောက်ပါအတိုင်းပြောရ၏။ “အသင့်ကို ပင့်ဖိတ်လာပါသည်။ ယခုသင့်အား ကျွေးမွေးပါသည်။ ယခုကဲ့သို့ ကျွေးမွေးရပါသော ကြောင့် မိုးလေဝသ၊ ရာသီဥတုကောင်းပါစေရန် ကူညီပါ။”
ဤသို့ ကျွေးမွေးပူဇော်ပြီးသည်နှင့် ဝေဿန္တရာဇာတက အမေးအဖြေကို ပြုရပါတော့သည်။ တရားဟောပလ္လင်ထက်တွင် ရဟန်းတစ်ပါး(ဝါ)နှစ်ပါး ထိုင်တော်မူရသည်။ ပလ္လင်အောက်တွင် လူပရိသတ်နှင့် ဝေဿန္တရာဇာတကကို အပြန်အလှန်မေးရမည့် ပုဂ္ဂိုလ်တစ်ဦးရှိနေရပါသည်။ ထိုသူသည်စာဟောဆရာ ဖြစ်ရပါတော့သည်။ စာဟောဆရာက အောက်ပါအတိုင်း မေးရပါသည်။
အဘယ့်ကြောင့် ဆင်ဖြူတော်ကို ပင့်ဆောင်လာရပါသနည်း အရှင်ဘုရား။ ထိုအမေးကို တရားဟောပလ္လင်ပေါ်က ရဟန်းက ဝေဿန္တရာဇာတက ပုရပိုက်ဖြူကိုကြည့်၍ ဆင်ဖြူတော်မရှိမီက မိုးလေဝသ ခေါင်းပါးကြောင်း၊ ဆင်ဖြူတော်ရောက်ရှိလာသောကြောင့် မိုးလေဝသ ကောင်းလာရကြောင်း၊ မိုးလေဝသကောင်းလာသဖြင့်စိုက်ပျိုးရေး ကောင်းမွန်ကာ ကောင်းမှုဒါနပြုလုပ်နိုင်ကြောင်း စသည်တို့ကြောင့် ဝေဿန္တရာဇာတ်ကို ဟောရပါသည်။ ဇာတ်ကဆုံးသော် လူထုပရိသတ်အားလုံး သာဓုခေါ်ကြရပါသည်။ ဇာတ်တော်ကို ဖတ်ကြားခြင်းအား “စာဟော” သည်ဟု ခေါ်ကြပါသည်။
စာဟောအမေးအမြန်းပြုလုပ်ပြီးနောက် ကျောင်းပေါ်တွင် ပလောင်မောင်းဆိုင်းကိုတီး၍ ကကြပါသည်။ သီချင်းလည်း ဆိုကြပါသည်။ ပလောင်မောင်းဆိုင်းတွင်လင်းကွင်းကြီး တစ်စုံ၊ မောင်းကြီးတစ်ခုနှင့် မောင်းငယ်နှစ်ခုသာ ပါဝင်ပါသည်။ တီးခတ်ကြစဉ် ယောကျာ်းများက ဝိုင်းကြီးပတ်ကာ ဓမ္မတေးများသီဆိုပြီး ကကြပါသည်။
အလှူရှင်အတွက်လည်း ဆုတောင်းကြပါသည်။ သီဆိုသော ဓမ္မတေးမှာ အောက်ပါအတိုင်းဖြစ်၏။
“ဝေဿန္တရာပွဲလုပ်ပါတယ်၊ စိတ်လည်း ချမ်းသာပါတယ်၊ ဝေဿန္တရာပွဲလုပ်ရာတွင် ကျွန်တော်တို့ရဲ့ ကုသိုလ်စေတနာတို့ကြောင့် တောင်ယာများမှ အသီးအနှံများများ ထွက်ပါစေ၊ စပါးကျီများ ရွှေကျီ၊ ငွေကျီဖြစ်ပါစေ။ ကုသိုလ်ဒါနကြောင့် နိဗ္ဗာန်ကိုလည်း ရောက်ရှိလိုပါတယ်” ယခုကဲ့သို့ တီးလျက် ကခုန်သီဆိုခြင်းအတွက် ကုသိုလ်ရသည်ဟု ယုံကြည်ကြ၏။ အလှူရှင်ကိုလည်း နိဗ္ဗာန်ရောက်ပါစေ၊ ပွဲဒါယကာ၊ ဒါယိကာမတို့ နောင်တွင် ယခုထက်ပို၍ လှူနိုင်ပါစေဟု ဆုတောင်းပေးကြသည်။ စာဟောနေစဉ်အတွင်း ကျောင်းပေါ်တွင် မတီးရသော်လည်း ရွာထဲတွင် တီးကြ၊ ကနိုင်ကြပါသည်။
ဝေဿန္တရာပွဲ သက်သက်လည်းလုပ်၍ ဝေဿန္တရာပွဲနှင့်တွဲကာ ရှင်ပြုရဟန်းခံပွဲလည်း ပြုလုပ်ကြသော ဓလေ့ရှိ၏။ အလှူဒါယကာ၊ ဒါယိကာမတို့မှာ တစ်ဦးတည်းလည်း ဖြစ်နိုင်၏။ တစ်ဦးထက်ပိုပြီး အခြားရွာမှ အလှူရှင်နှင့်လည်း ပူးပေါင်း၍လုပ်နိုင်၏။ ပွဲဒါယကာထံ ကိုရင်၊ ဦးပဉ္စင်း တို့ကို သိက္ခာတင်ပေးရန် အပ်ရသည်။ ပရိက္ခရာရှစ်ပါးစလုံးကို အလှူရှင်က တာဝန်ယူရပါသည်။ ပွဲရက်သည်ခုနစ်ရက်၊ ခုနစ်လီကြာပါသည်။ ကြိုတင်ပြင်ဆင်သောရက်သည် လေးရက်၊ ပွဲတော်ကြီးရက်သည် သုံးရက်ဖြစ်ပြီး အဖိတ်နေ့၊ လကွယ်နေ့၊ လဆန်း ၁ရက်နေ့များကိုယူတတ်ပါသည်။ နောက်ဆုံးရက်တွင် တရားနာယူကြပါသည်။
ကောင်းလို့ကျေးရွာအုပ်စု ရွာမဘုန်းတော်ကြီးကျောင်းတွင် ဝေဿန္တရာပွဲ ပြုလုပ်မြဲဖြစ်၍ အခြားရွာမှ အလှူရှင်များက ရွာမနှင့် အတန်ငယ်လှမ်းလျှင် မိမိရွာတွင် ကြိုတင်၍ သုံးရက်ခန့်က ရွာသားများကို ကျွေးမွေးလှူဒါန်းရပါသည်။ ပွဲကြီးရက်ရောက်မှ ရွာမတွင် ထပ်မံကျွေးရပြန်သည်။ ပွဲမဝင်မီနှစ်ရက်က “မိုးလုံးဟိန်း နတ်စင်” (တောင်ပိုင်နယ်ပိုင်)ကို နယ်ထိန်းဆရာက သွားရောက်ကာ တင်ပပူဇော် တောင်းပန်သမှုပြုရပါသည်။
ဝေဿန္တရာပွဲကျင်းပစဉ်တွင် ပွဲတွင်းပြဿနာများ မပေါ်စေရန် “ပွဲထိန်း”ထားရှိရသည်။ ပွဲတော်တွင်သမီးရည်းစားစကား မပြောရ၊ မကောင်းသောစကား မပြောရ၊ ဘာသာရေးကောင်းမှုလုပ်နေစဉ် မကောင်းမှုမပြုရ စသည်တို့ကို ညနေခင်းတွင် ပွဲထိန်းက ရွာထဲသို့လှည့်၍ ပြောရသည်။ အကယ်၍ သမီးရည်းစား စကားပြောသူတွေ့လျှင် တုတ်ဖြင့် ရိုက်ပိုင်ခွင့်ရှိသည်။ ငွေဒဏ် ၂၀ ကျပ်၊ ၃၀ ကျပ်၊ ၁၀ဝ ကျပ် စသည်ဖြင့်ပွဲထိန်းက ဒဏ်ရိုက်နိုင်သည်။ အရက်သောက်သည့်လူဟူ၍ တစ်ယောက်မျှပင် မရှိအောင် စည်းကမ်းလိုက်နာကြပါသည်။
ဖိတ်ထားသူ ဧည့်ပရိသတ်ကို ထမင်းတစ်နေ့သုံးကြိမ်ဖြင့် ကိုးရက်လုံးလုံး အလှူဒါနပွဲကြီး ကျင်းပသည်မှာ ရှာမှရှားသောပွဲများပင် ဖြစ်ပါသည်။ ထမင်းချက်၊ လက်ဖက်ရည်တိုက်၊ ဟင်းချက်စသည့် တာဝန်များကိုရွာအလိုက် တာဝန်ယူကြပါသည်။ ထမင်းပေါင်းအလုပ်ကိုပွဲကျင်းပသည့် ရွာမ၊ ဟင်းချက်ရသောတာဝန်ကို ယမ်းတွင်းရွာ၊ ကျွေးမွေးရေးတာဝန်ကို ကျောက်တောရွာ၊ နောင်ဝိုးရွာ စသည်တို့မှ လူဦးရေဆယ်ယောက် ဆယ့်ငါးယောက်ဖြစ်စေ စုပေါင်းတာဝန်ယူကြသည်လည်း ရှိသည်။ ရွာအလိုက် သီးသန့်တာဝန်ယူသည်လည်း ရှိသည်။ အလှူပွဲကကြီးကျယ်ခမ်းနားလျှင် ရွာများသို့ စာဖြင့်ဖိတ်ကြားကြသည်။ သာမန်ဆိုလျှင် လက်ဖက်ခြောက်နှင့်ဖိတ်ကြသည်။ ဆွေမျိုးသားချင်းဆိုလျှင် လက်ဖက်ခြောက်နှင့်သာ ပင့်ဖိတ်ခြင်း ကိစ္စပြီးမည်။ ရွာတစ်ရွာသို့ ပင့်ဖိတ်မည်ဆိုလျှင်တစ်ရွာလုံးကို လက်ဖက်ခြောက် တစ်အိမ်စီကမ်းစရာမလို ရွာလူကြီးအိမ်သို့ ဖိတ်လိုက်လျှင်တစ်ရွာလုံးကို ဖိတ်သည်နှင့် အတူတူပင်ဖြစ်သည်။
တစ်ခါတစ်ရံ ရွေး၍ဖိတ်ကြမှသာလျှင် လူဦးရေနှင့်လက်ဖက်ခြောက်အထုပ် အကန့်အသတ်ပြုလုပ်ကာ ဖိတ်ကြသည်။ များသောအားဖြင့် ရွာလုံးကျွတ် ဖိတ်ကြသည်သာ များသည်။ သက်ဆိုင်ရာရွာရှိ ဘုန်းတော်ကြီးကိုပင့်ဖိတ်လိုပါမူကား ဖိတ်အပ်သောစာ၊ လက်ဖက်ခြောက်၊ ကန်တော့ပွဲနှင့် သွားရောက်ပင့်ဖိတ်ရသည်။
အဖိတ်ခံရသောရွာများက မိမိရွာက အိုးစည်တူရိယာများကို ယူလာကြရ၍ အပြိုင်တီးကြရပါသည်။ ပွဲပြီးလျှင်အိုးစည်အဖွဲ့များကို အလှူရှင်ကငွေကျပ် ၅၀၊ ငွေကျပ် ၆၀ စသည်ဖြင့် ဆုချရပါသည်။ အကောင်းဆုံးအိုးစည်ဝိုင်းကို အသိအမှတ်ပြု ချီးကျူးဖော်ထုတ်သည်။ သို့သော်ဆုငွေများ အရေအတွက်မှာ အတူတူပင်ဖြစ်သည်။ ပလောင် ဝေဿန္တရာပွဲတော်သည် ညီညွတ်သည်။ စည်းကမ်းရှိသည်။ ရွာသားအချင်းချင်းရော ရွာအလိုက်ပါ စုပေါင်းညီညွတ်မှုရှိသည်။ အကွက်စေ့သည်။ အပေးအယူမျှသည်။ ထက်သန်သော စေတနာနှင့် ငွေအတော်အသင့်ရှိမှသာလျှင် လုပ်နိုင်သောပွဲများလည်း ဖြစ်သည်။ ခြုံ၍ကြည့်လျှင် ညီညွတ်မှု၊ စည်းကမ်းရှိမှုကြောင့်သာ ဖြစ်ပေသည်။ ။
ရည်ညွှန်း - အမှတ်စဉ်(၂) တိုင်းရင်းသားရေးရာ
နိုင်သောင်းထွဋ်