မန္တလေး ၁၉ ဒီဇင်ဘာ 

မန္တလေးတိုင်းဒေသကြီး ပလိပ်အင်းရေတိမ်ဒေသတွင် ယခုနှစ်၌ ရေဝင်နည်းပါးသဖြင့် နှစ်စဉ်လာရောက် ကျက်စားလေ့ရှိသည့် ဆောင်းခိုငှက်များ ဝင်ရောက်မှု ပုံစံပြောင်းလဲလာကြောင်း မြန်မာ့ငှက်နှင့် သဘာဝထိန်းသိမ်းရေးအသင်း ဥက္ကဌ ဒေါက်တာသိန်းအောင်က ပြောကြားသည်။

 

7953

 

ဆောင်းခိုငှက်များသည် နှစ်စဉ်အောက်တိုဘာလလယ်မှ မတ်လကုန်အထိ မြန်မာနိုင်ငံအနှံ့အပြားရှိ အင်းများသို့ ကမ္ဘာ့နေရာအနှံ့အပြားမှ မိုင်ပေါင်း ထောင်ချီပျံသန်း၍ ဆောင်းရာသီကို ခိုလှုံရန် လာရောက်နေထိုင်ကျက်စားလေ့ရှိသော်လည်း ယခုနှစ်တွင် ဆောင်းခိုငှက်များ အများဆုံး ဝင်ရောက်ရာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပလိပ်အင်းရေတိမ်ဒေသ၊ စွန်ရဲအင်းနှင့် ပျူကန်များတွင် ရေဝင်နည်းပါးမှုများ ဖြစ်ပေါ်လာသဖြင့် ဆောင်းခိုငှက်များ ဝင်ရောက်မှု ပုံစံပြောင်းလဲလာကြောင်း သိရသည်။

 

9152

 

''မန္တလေးတိုင်းဒေသကြီးမှာ ဒီနှစ်က ရာသီဥတုဖောက်ပြန်ပြီး မိုးခေါင်တဲ့အတွက် ပလိပ်အင်း ရေတိမ်ဒေသမှာ ရေဝင်နည်းပါးပြီး ရေပြင်ဧရိယာ ကျဉ်းမြောင်းသွားတယ်။ ဒါကြောင့် ရေငှက်တွေ စားသုံးတဲ့ အပင်ပေါက်ရောက်မှုနည်းပါးသွားတဲ့ အတွက် သူရရှိတဲ့ အစာပေါ်မူတည်ပြီး ဆောင်းခိုငှက်တွေနဲ့ အခြားသတ္တဝါတွေရဲ့ ဝင်ရောက်ခိုလှုံကျက်စားမှု ပုံစံလည်း ပြောင်းလဲလာတယ် ''ဟု ၎င်းက ပြောသည်။

ထို့ပြင် မန္တလေးမြို့မှ ငှက်ဝါသနာရှင် ဦးဇေမောင်သိန်းကလည်း ''ဆောင်းခိုငှက်တွေရဲ့ သဘာဝက သူတို့စားဖို့ အစားအစာ ရရှိမှု အပေါ်မူတည်ပြီး အင်းတွေထဲကို ဝင်ရောက်ကျက်စားလေ့ရှိတယ်။ ဒီနှစ်မှာ ဆောင်းခိုငှက်တွေ အများဆုံးဝင်ရောက်လေ့ရှိတဲ့ ပလိပ်အင်းဒေသမှာ ရေခန်းခြောက်လုနီးနီးဖြစ်နေပြီး တချို့အင်းတွေမှာ ရေဝင်နည်းပါးနေတယ်။ ဒါကြောင့် ဒီအင်းတွေထဲကို ဆောင်းခိုငှက်တွေ ဝင်ရောက် မှုကလည်း ပုံစံပြောင်းလဲလာနိုင်တယ်။ ဥပမာ- ငန်းဆိုတဲ့ သတ္တဝါက သူတို့စားနေကြ ဟင်းညှန်ပင် ရှိတဲ့ အင်းကိုပဲ လာလေ့ရှိပေမယ့် ဒီနှစ်မှာ ရေခန်းခြောက်လုနီးပါးဖြစ်နေတဲ့ ပလိပ်အင်းမှာ ဟင်းညှန်ပင် မပေါက်ရောက်တဲ့အတွက် အခြားအင်းကို ပြောင်းရွှေ့ဝင်ရောက်သွားတယ်။ ဒီလိုပဲ ရေစပ်နေ ငှက်တွေကလည်း ရေစပ်စပ်ရှိတဲ့ အင်းတွေမှာနေပြီး အဲဒီမှာရှိတဲ့ အင်းစက်ပိုးမွှားတွေကို စားသုံးလေ့ ရှိတဲ့အတွက် ရေမရှိတဲ့အခါမှာ ရေရှိတဲ့ အင်းကို ပြောင်းရွှေ့သွားကြတယ်။ ဒီလိုမျိုး အင်းတွေထဲ ကို ဝင်ရောက်မှုပုံစံ ပြောင်းလဲလာတယ် '' ဟု ပြောသည်။

မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၈ ခုနှစ်မှစ၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဇီဝမျိုး စုံမျိုးကွဲများ ထိခိုက်မှုမရှိစေရေးတို့အတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဌာနဆိုင်များ ပူးပေါင်းကာ ရေတိမ်ဒေသထိန်းသိမ်းရေးနှင့် ဆောင်းခိုငှက်များ ဖမ်းဆီးသတ်ဖြတ်မှုများကို အရေးယူခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

''မိမိရဲ့ အသက်မွေးဝမ်းကြောင်းမှုအတွက် ငှက်တွေကို သတ်ဖြတ်ရောင်းချတာ နည်းလမ်းမမှန်ဘူး။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုအတွက်လည်း အဆင်မပြေဘူး။ ယနေ့ခေတ်မှာ ဆောင်းခိုငှက်တွေကို အချိန်တိုအတွင်းမှာ အကောင်အရေအတွက် အများကြီးဖမ်းဆီးရမိဖို့ အစာအဆိပ်ချတာနဲ့ ကွန်ပစ်ဖမ်းဆီးမှုတွေက အကောင်အရေအတွက်ကို လျော့နည်းစေတယ်။ လူနည်းစု လုပ်ကိုင်စားသောက်မှု အတွက် အများစုဒုက္ခရောက်နိုင်တဲ့ ပတ်ဝန်းကျင်ထိခိုက်မှုမျိုးတွေ ဇီဝမျိုးစုံ မျိုးကွဲ ထိခိုက်မှုတွေကို မဖြစ်စေချင်ဘူး။ မနှစ်ကစပြီး မန္တလေးတိုင်းအတွင်းမှာတော့ ဆောင်းခိုငှက်တွေ သတ်ဖြတ်ရောင်းချ တာတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေအတွက် အသိပညာပေးလုပ်ငန်းတွေ အရေးယူမှုတွေကို ထိထိရောက်ရောက် ဆောင်ရွက်မှုများလာတာ တွေ့ရတယ် ''ဟု မြန်မာ့ငှက်နှင့် သဘာဝထိန်းသိမ်းရေးအသင်း ဥက္ကဌ ဒေါက်တာသိန်းအောင်က ဆက်လက်ပြောဆိုသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ဆောင်းခိုငှက်များ၊ ဝင်ရောက်မှုမှာ ပလိပ်အင်း၊ တောင်းသမန်အင်း၊ ပျူကန်နှင့် စွန်ရဲအင်း စသည့် အင်းများတွင် အဓိက ဝင်ရောက်လေ့ရှိကြောင်းနှင့် နှစ်စဉ် ဆောင်းခိုငှက်များ ဝင်ရောက်မှု စာရင်းကို ဇန်နဝါရီလအတွင်း၌ မြန်မာ့ငှက်နှင့် သဘာဝထိန်းသိမ်းရေးအသင်း၊ မြန်မာငှက်ချစ်သူများနှင့် INGO, NGO အဖွဲ့များ ပူးပေါင်းကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူလေ့ရှိကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)
ဓာတ်ပုံ- ဇေမောင်သိန်း