မန္တလေး ၂၁ ဒီဇင်ဘာ

မန္တလေးတိုင်းဒေသကြီး ပလိပ်အင်းရေတိမ်ဒေသ၌ ယခုနှစ်တွင် ရေဝင်နည်းပါးသဖြင့် နှစ်စဉ်လာရောက် ကျက်စားလေ့ရှိသည့် ဆောင်းခိုငှက်များ ဝင်ရောက်မှုပုံစံပြောင်းလဲလာကြောင်း မြန်မာ့ငှက်နှင့် သဘာဝထိန်းသိမ်းရေးအသင်းဥက္ကဋ္ဌ ဒေါက်တာသိန်းအောင် က ပြောကြားသည်။ ။

ဆောင်းခိုငှက်များသည် နှစ်စဉ် အောက်တိုဘာလလယ်မှ မတ်လကုန် အထိမြန်မာနိုင်ငံအနှံ့အပြားရှိ အင်းများသို့ ကမ္ဘာ့နေရာအနှံ့အပြားမှ မိုင်ပေါင်းထောင်ချီပျံသန်း၍ ဆောင်းရာသီကိုခိုလှုံရန် လာရောက်နေထိုင် ကျက်စားလေ့ရှိသော်လည်း ယခုနှစ်တွင် ဆောင်းခိုငှက်များအများဆုံး ဝင်ရောက်ရာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပလိပ်အင်းရေတိမ်ဒေသ၊ စွန်ရဲအင်းနှင့် ပျူကန်များတွင် ရေဝင်နည်းပါးမှုများ ဖြစ်ပေါ်လာသဖြင့် ဆောင်းခိုငှက်များ ဝင်ရောက်မှု ပုံစံပြောင်းလဲလာကြောင်း သိရသည်။

"မန္တလေးတိုင်းဒေသကြီးမှာ ဒီနှစ်က မိုးခေါင်တဲ့အတွက် ပလိပ်အင်းရေတိမ်ဒေသမှာ ရေဝင်နည်းပါးပြီး ရေပြင်ဧရိယာ ကျဉ်းမြောင်းသွားတယ်။ ဒါကြောင့် ရေငှက်တွေစားသုံးတဲ့ အပင်ပေါက်ရောက်မှု နည်းပါးသွားတဲ့အတွက် သူရရှိတဲ့ အစာပေါ်မူတည်ပြီး ဆောင်းခိုငှက်တွေနဲ့ အခြားသတ္တဝါတွေရဲ့ ဝင်ရောက်ခိုလှုံ ကျက်စားမှုပုံစံလည်း ပြောင်းလဲလာပါတယ်။ ဟု ၎င်းက ဆက်လက်ပြောပြသည်။

ထို့ပြင် မန္တလေးမြို့မှ ငှက်ဝါသနာရှင် ဦးဇေမောင်သိန်းကလည်း "ဆောင်းခိုငှက်တွေရဲ့ သဘာဝက သူတို့စားဖို့ အစားအစာရရှိမှုအပေါ်မူတည်ပြီး အင်းတွေထဲကိုဝင်ရောက် ကျက်စားလေ့ရှိတယ်။ ဥပမာ- ငန်းက သူတို့စားနေကျ ဟင်းညှန်ပင်ရှိတဲ့ အင်းကိုပဲလာလေ့ရှိပေမယ့် ဒီနှစ်မှာ ရေခန်းခြောက်လုနီးပါးဖြစ်နေတဲ့ ပလိပ်အင်းမှာ ဟင်းညှန်ပင် မပေါက်ရောက်တဲ့အတွက် အခြားအင်းကို ပြောင်းရွှေ့သွားတယ်။ ဒီလိုပဲရေစပ် နေငှက်တွေကလည်း ရေစပ်ရှိတဲ့ အင်းတွေမှာနေပြီး အဲဒီမှာရှိတဲ့ အင်းဆက်ပိုးမွှားတွေကို စားသုံးလေ့ရှိတဲ့အတွက် ရေမရှိတဲ့အခါမှာ ရေရှိတဲ့အင်းကို ပြောင်းရွှေ့သွားကြတယ်" ဟု ပြောသည်။ ။ မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ဆောင်းခိုငှက်များ ဝင်ရောက်မှုမှာ ပလိပ်အင်း၊ တောင်သမန်အင်း၊ ပျူကန်နှင့် စွန်ရဲအင်းစသည့် အင်းများတွင် အဓိကဝင်ရောက်လေ့ရှိကြောင်းနှင့် နှစ်စဉ်ဆောင်းခိုငှက်များ ဝင်ရောက်မှုစာရင်းကို ဇန်နဝါရီလ အတွင်းတွင် မြန်မာ့ငှက်နှင့် သဘာဝထိန်းသိမ်းရေးအသင်း၊ မြန်မာငှက် ချစ်သူများနှင့် INGO၊ NGO အဖွဲ့များ ပူးပေါင်းကာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကောက်ယူလေ့ရှိကြောင်း သိရသည်။

သတင်း - မင်းထက်အောင်

(မန်းကိုယ်ပွား) ဓာတ်ပုံ- ဇေမောင်သိန်း